U2 က ဒေါ်စု အတွက် Walk on ဆို

  • 14 ဒီဇင်ဘာ 2010

ဒေါ်အောင်ဆန်းစုကြည်ကို ရည်စူးစပ်ဆိုထားတဲ့ သီချင်းဖြစ်တဲ့ Walk on ကို ကမ္ဘာကျော် ရော့ခ်ဂီတအဖွဲ့ကြီး U2 နဲ့ ကမ္ဘာကျော် အဆိုတော် Bono တို့က ဆစ်ဒနီမြို့ရဲ့ အင်္ဂါညချမ်းမှာ ပရိသတ် တစ်သိန်းနီးပါး ရှေ့မှာ သီဆို ဖျော်ဖြေခဲ့ပြီး မြန်မာ့နိုင်ငံရေးကို အားပေး ထောက်ခံကြောင်း ပြဆိုခဲ့ပါတယ်။

Image caption ကမ္ဘာကျော် ရော့ခ်ဂီတအဖွဲ့ကြီး U2 နဲ့ Bono တို့ မဲလ်ဘုန်းမြို့မှာ အားပါးတရ ဖြေဖျော်နေပုံ

သီချင်းမဆိုခင်မှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာတဲ့အတွက် သူတို့ ဝမ်းသာကြောင်း၊ သူတို့အဖွဲ့ရဲ့ မြန်မာပြည်သူ တွေအပေါ် စာနာနားလည် ထောက်ခံပေးတာကို ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူးတင်တဲ့ အတွက် ဝမ်းသာဂုဏ်ယူကြောင်း အဆိုတော် ဘိုနိုက ပြောခဲ့ပါတယ်။

ဒါပေမဲ့ အကျဉ်းသား ၂၂၀၀ ကျော်ဟာ ဆိုးရွား လှတဲ့ မြန်မာနိုင်ငံက အကျဉ်းထောင်တွေထဲမှာ ရှိနေဆဲ ဖြစ်တဲ့အတွက် ဝမ်းနည်းရတယ်၊ အားလုံး လွတ်မြောက်ဖို့ တိုက်ပွဲ ဝင်ရမယ်၊ ကြိုးစား ကြပါလို့ ပရိသတ်ကိုပါ အဆိုတော်က တိုက်တွန်း သွားပါတယ်။

ဘိုနို ပြောနေတဲ့ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည် စကားပြောနေတဲ့ ပုံတွေ၊ ကျောင်းသား တွေ လှုပ်ရှားနေတဲ့ ပုံတွေ၊ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုက ပုံတွေကို နောက်ခံဘက်ဂရောင်း မှာ ပြထားတယ်လို့ သိရပါတယ်။

အခုလို ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့ သီချင်းဆိုဖို့၊ သီချင်းမဆိုခင် ဒေါ်အောင်ဆန်း စုကြည်နဲ့ မြန်မာ့နိုင်ငံရေး အခြေအနေကို ပြောပြဖို့တွေကို အဆိုတော်နဲ့ တီးဝိုင်းကို Burma Campaign Australia (BCA)က ကြိုတင် မေတ္တာရပ်ခံ ထားတယ်လို့ BCA က ဒေါက်တာ မြင့်ချိုက ပြောပါတယ်။

Image caption ဒေါ်အောင်ဆန်းစုကြည်နဲ့မြန်မာ့ဒီမိုကရေစီရေး ထောက်ခံအားပေးတဲ့ကမ္ဘာကျော်ရော့ခ်ကာကြီး

အင်္ဂါညဖျော်ဖြေပွဲမှာ ပရိသတ်တစ်သိန်းလောက် လာရောက် ကြည့်ရှုနားဆင်ခဲ့သလို မနေ့က လည်း လူ ရှစ်သောင်းလောက် လာရောက် နားဆင်ခဲ့လို့ မြန်မာ့ မျက်မှောက် နိုင်ငံရေး၊ ဒီမိုကရေစီရေးတွေအကြောင်း ဘိုနိုပြောတာတွေ ကို သြစတြေးလျ လူငယ်လူလတ် သိန်းနဲ့ချီ သိကုန်တယ်လို့ သူက ဆက်ပြောပါတယ်။

ဘိုနို့ပွဲမှာ သြစတြေးလျက အထင်ကရ နိုင်ငံရေး သမားတွေ၊ လွှတ်တော်အမတ်တွေလည်း လာ ရောက် ကြည့်ရှုကြမှာမို့ သူတို့လည်း ဘိုနို ပြောပြတဲ့ မြန်မာ့နိုင်ငံရေးသတင်းစကားတွေရပြီး မြန်မာ့နိုင်ငံရေးအတွက် ဆထက်ထမ်းပိုး ဆောင်ရွက်နိုင်ကြမယ်လို့ ဒေါက်တာ မြင့်ချိုက ပြောပါတယ်။

BCA က လူ ၃၀ လောက်ကလည်း ဘိုနို့ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံပါတဲ့ တီရှပ်တွေ ဝတ်ခဲ့သလို နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ရဲ့ သင်္ကေတဖြစ်တဲ့ သံဆူးကြိုးတံဆိပ် ပါတဲ့ မီးပုံးလေးတွေကိုင် စင်ပေါ်တက်လာပြီး ဆုတောင်းခဲ့ ကြတယ်လို့ သိရပါတယ်။

U2 အဖွဲ့ဟာ ၃၆၀ ဒီဂရီ ဂီတဖျော်ဖြေပွဲ အမည်နဲ့ သြစတြေးလျနိုင်ငံရဲ့ မြို့တွေလှည့်လည် ဖြေဖျော်နေခဲ့တာ အခုလ ၁ ရက်နေ့ ကတည်းက ဖြစ်ပါတယ်။