မြန်မာမှာ နော်ဝေ ရင်းနှီးမှုကို ERI ဝေဖန်

  • 15 ဒီဇင်ဘာ 2010

မြန်မာ နိုင်ငံက ရေနံနဲ့ သဘာဝ ဓါတ်ငွေ့ လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံ နေတဲ့ ကုမ္ပဏီတွေမှာ နော်ဝေအစိုးရက ငွေထည့်ဝင် တာ ကို လူ့အခွင့် အရေး အဖွဲ့နဲ့ သဘာ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ ဖြစ်တဲ့ ERI Earthrights International အဖွဲ့က ဝေဖန် ထောက်ပြလိုက်ပါတယ်။

Image caption ရေနံပိုက်လိုင်း စီမံကိန်း တစ်ခုက ပိုက်များ

လူ့ အခွင့် အရေး ချိုးဖောက်မှု တွေ ရှိနေတဲ့ မြန်မာ နိုင်ငံတွင်းက ရေနံနဲ့ သဘာဝ ဓါတ်ငွေ့ လုပ်ငန်း ကုမ္ပဏီတွေမှာ ဒီလို ရင်းနှီး ထည့်ဝင်တာဟာ နော်ဝေ အစိုးရ အနေနဲ့ သူတို့ ရဲ့ ကိုယ်တိုင် ပြဌာန်းထားတဲ့ ကျင့်ဝတ် ဆိုင်ရာ လမ်းညွှန်တွေနဲ့ ရင်းနှီး မြှုပ်နှံမှု ဆိုင်ရာ လိုက်နာ သင့်တဲ့ အချက်တွေကို ချိုးဖောက်တာ ဖြစ်တယ်လို့ ထိုင်းနိုင်ငံနဲ့ အမေရိကန် မှာ အခြေစိုက်တဲ့ ERI အဖွဲ့က ပြောလိုက်တာပါ။

သူတို့ စုဆောင်း ရရှိထားတဲ့ အချက်အလက်တွေကို နော်ဝေနိုင်ငံ အော်စလို မြို့မှာ ဒီဇင်ဘာ ၁၅ ရက်နေ့ ဗုဒ္ဓဟူး နေ့က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီး ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာ မှာ ဖော်ပြထားပါတယ်။

ERI အနေနဲ့ မြန်မာ ပြည်တွင်း မှာရော နယ်စပ်ကို ထွက်လာကြတဲ့ သူတွေကိုပါ မေးမြန်းပြီး သူတို့ ကိုယ်တိုင် ကြုံခဲ့ကြတဲ့ အတွေ့ အကြုံ တွေကို မှတ်တမ်းတင် ထား တယ်၊ ပိုက်လိုင်း တည်ဆောက်ရေး လုပ်ငန်းတွေမှာ အဓမ္မ လုပ်အား ခိုင်းစေ ခံကြရတဲ့ အကြောင်းတွေ၊ လုံခြုံရေး အရ အကြောင်းပြချက်နဲ့ ဥပဒေမဲ့ သတ်ဖြတ် ခံကြ ရတဲ့ အကြောင်းတွေ၊ မြေယာတွေ ကို လျော်ကြေး မပေးဘဲ သိမ်းယူတာတွေနဲ့ လိင်ပိုင်းဆိုင်ရာ မတော် မတရား ပြုကျင့်တာတွေ ရှိတယ်လို့ ကာယကံရှင် တွေနဲ့ မျက်မြင် သက်သေတွေက ပြန်ပြော ပြတာ တွေကို အားလုံး မှတ်တမ်း တင် ထားတယ်လို့ ERI ရဲ့ အကြီးတန်း အတိုင်ပင်ခံ အရာရှိ မက်သရူး စမစ်သ် က ဘီဘီစီကို ပြောပါတယ်။

နော်ဝေ အစိုးရဘက်ကတော့ ဒီပြောဆို စွပ်စွဲချက်တွေ ကို စုံစမ်း လေ့လာသွားမှာ ဖြစ်ပြီး အခု ပြောတဲ့ အတိုင်းသာ မှန်မယ် ဆိုရင် မြန်မာ နိုင်ငံမှာ နော်ဝေ ရဲ့ ရင်းနှီး မြှပ်နှံမှုတွေကို ပြန်ရုပ်သိမ်းမယ်လို့ နော်ဝေ ကျင့်ဝတ်ဆိုင်ရာ ကောင်စီ ဥက္ကဌ Gro Nystuen က ပြော ပါတယ်။