၂၁ ရာစု ပင်လုံ ညီလာခံ ရခိုင်ပါတီ ထောက်ခံ

  • 15 ဒီဇင်ဘာ 2010

မြန်မာ စစ်အစိုးရက မူဝါဒ လမ်းညွှန်ချက် ၇ ရပ်အတိုင်း အကောင်အထည် ဖေါ်နေ ပါတယ်လို့ ဆိုနေချိန်မှာ NLD နဲ့ တိုင်းရင်းသား ပါတီတွေ ကတော့ မြန်မာနိုင်ငံ ရှေ့ခရီးမှာ တိုင်းရင်းသား ရင်ကြားစေ့ရေး အတွက် ဒုတိယ ပင်လုံညီလာခံ ကျင်းပဖို့ လိုတယ်လို့ ပြောပါတယ်။

Image caption ဒေါ်အောင်ဆန်းစုကြည်

ဒုတိယပင်လုံညီလာခံနဲ့ပတ်သက်ပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ ၃၅ နေရာ အနိုင်ရထားတဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်က ဒုတိယ ပင်လုံညီလာခံ ကိစ္စကို သူတို့ ပါတီအနေနဲ့ မူအားဖြင့် ထောက်ခံ တယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဒီနေရာမှာ ဒုတိယ ပင်လုံညီလာခံ ကိစ္စထဲ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ စစ်တပ်က ပါဝင်လာအောင် လုပ်ဖို့ကတော့ စိတ်ဝင်စားဖို့ ကောင်းတဲ့ ကိစ္စ ဖြစ်ကြောင်း၊ ပြည်ထောင်စု သွေးစည်း ညီညွတ်ရေး ထာဝရ တည်တံ့ ခိုင်မြဲရေး ဆိုတာ ကြွေးကြော်နေရုံနဲ့ မပြီးတဲ့အကြောင်း ဒေါက်တာ အေးမောင်က ပြောပါတယ်။

တိုင်းရင်းသားများ တန်းတူ အခွင့်အရေး ရပိုင်ခွင့်ကို ဖန်တီးပေးဖို့ လိုကြောင်း၊ ဒါပေမဲ့ ဒုတိယ ပင်လုံညီလာခံ ကိစ္စ တကယ်တမ်း အကောင်အထည် ဖေါ်နိုင်တဲ့ ကာလမှာ အားလုံး ပါဝင်နိုင်တဲ့ အခင်းအကျင်း ဖြစ်အောင် ဦးဆောင် နိုင်တဲ့ ပုဂ္ဂိုလ်တွေ ပါဖို့ လိုအပ်ကြောင်း၊ ဘယ်အဖွဲ့ အစည်းကပဲ စတင် လုပ်ဆောင်သည် ဖြစ်စေ လက်ရှိ အုပ်ချုပ် နေတဲ့ အစိုးရ ပါဝင် လာအောင် လုပ်ဖို့ ကလည်း အရေးကြီးတဲ့ အကြောင်း ဒေါက်တာ အေးမောင်က ဘီဘီစီကို ပြောပါတယ်။