စစ်တပ်က ပစ်ခတ်လို့ ရခိုင်က လူငယ် သေဆုံး

  • 15 ဒီဇင်ဘာ 2010

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မင်းတပ်ချောင် ကျေးရွာက အသက် ၂၁ နှစ် အရွယ် ကိုမောင်ဝင်းဆိုတဲ့ လူငယ်ဟာ စစ်တပ်က သေနတ်နဲ့ ပစ်ခတ်လို့ သေဆုံး သွားခဲ့ပါတယ်။

Image caption ပြည်သူတွေရဲ့ ယုံကြည်ကိုးစားမှုကို ခံယူရမယ့် သူတွေက လူတွေကို သတ်ဖြတ်မှု ရှိနေ

ဒီဇင်ဘာလ ၁၄ ရက်က ရမ်းဗြဲမြို့နယ် မင်းချောင်း တံတားမှာ မောင်ဝင်း ဆိုသူကို စစ်တပ်က ပစ်ခတ်လို့ သေဆုံးခဲ့တာ ဖြစ်ကြောင်းနဲ့ ဘာ့ကြောင့် ပစ်ခတ် ခဲ့တယ် ဆိုတာကိုတော့ စုံစမ်းနေဆဲ ဖြစ်တယ်လို့ ကျောက်ဖြူ ရဲစခန်း တာဝန်ကျ ရဲအရာရှိက ဘီဘီစီကို ပြောပါတယ်။

သေဆုံးသူ ကိုမောင်ဝင်းဟာ မင်းတပ်ချောင် ကျေးရွာ ဦးလှခင်ရဲ့ သားဖြစ်တဲ့ အကြောင်း ဆိပ်ကမ်းမှာ မော်တော်ကပ်ဖို့ ဘောတံတားပေါ် ကြိုးပစ်တင်ရာမှာ စစ်သားကို ကြိုးနဲ့ ထိလို့ စစ်သားက သေနတ်နဲ့ ပစ်သတ်လိုက်တာ ဖြစ်တယ်လို့ ကျောက်ဖြူ ဒေသခံ မျက်မြင် ရွာသားတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

စစ်တပ်က အခုလို နိုင်ထက် စီးနင်း ပြုလုပ်မှုတွေ ကတော့ ရခိုင်ပြည်နယ် အတွင်း မကြာခဏ ဖြစ်ပျက်နေတယ်လို့ ဆိုပါတယ်။ ဒီလ ၁၂ ရက်နေ့ ကလည်း ပေါက်တောမြို့နယ် မဒဘတ်ချိုင် ကျေးရွာက ရယက ဥက္ကဌ ဦးစိန်လှကျော်ကို ခမရ ၅၃၈ က ဗိုလ်ကျော်ကျော်အောင်က ရိုက်နှက်ခဲ့လို့ ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ပါတယ်။