ဇိုမီးအဖွဲ့ကို အိန္ဒိယ ပြည်ထဲရေး ဝန်ကြီးနဲ့ မဏိပူရ ဝန်ကြီးချုပ် လာတွေ့

  • 17 ဒီဇင်ဘာ 2010
Image caption မဏိပူရ ပြည်နယ်က လုံခြုံရေး အဖွဲ့ဝင်တွေ

ဇိုမီး အမျိုးသား ပြန်လည်သွေးစည်း ညီညွတ်ရေး အဖွဲ့နဲ့ ဇိုမီး အမျိုးသား သွေးစည်း ညီညွတ်ရေး တပ်မတော်ကို မဏိပူရ ပြည်နယ်မှာ အိန္ဒိယ ပြည်ထဲရေး ဝန်ကြီးနဲ့ မဏိပူရ ပြည်နယ် ဝန်ကြီးချုပ်တို့က လာရောက်တွေ့ဆုံခဲ့ပါတယ်။

ဇိုမီး အမျိုးသား ပြန်လည် သွေးစည်း ညီညွတ်ရေး အဖွဲ့ဆိုတာ အိန္ဒိယ နိုင်ငံနဲ့ မြန်မာနိုင်ငံ နှစ်ခုစလုံးမှာ ရှိတဲ့ ဇိုမီး တိုင်းရင်းသား တွေကနေ သူတို့ရဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့် အတွက် အနုနည်း အကြမ်းနည်းတွေနဲ့ နှစ်ဖက် အစိုးရကို တောင်းဆို တိုက်ပွဲဝင်နေတာ ဖြစ်ပါတယ်။

ဒီအဖွဲ့ရဲ့ လက်ရှိ ဥက္ကဌဟာ ၁၉၉ဝ ရွေးကောက်ပွဲမှာ တွန်းဇံမြို့နယ် ဇိုမီး အမျိုးသား ကွန်ဂရက်ကနေ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ လွှတ်တော်အမတ် ဆရာပေါင် ဖြစ်ပါတယ်။

မြန်မာ့ ဒီမိုကရေစီ အရေးနဲ့ ပတ်သက်လို့ ဇိုမီးအဖွဲ့ရဲ့ ရပ်တည်ချက်ကို အိန္ဒိယ ပြည်ထဲရေး ဝန်ကြီးက ထောက်ခံကြောင်း ၊ အကြမ်းမဖက်တဲ့ နည်းနဲ့ ပြည်တွင်းကို ထိုးဖောက်ပြီး ပညာပေးမှု လုပ်တာကို လုံးဝ ချီးမွမ်းသွား သလို ဒေသန္တရ ငြိမ်းချမ်းရေးကို ထိန်းသိမ်းပေးတဲ့ အတွက် အသိအမှတ် ပြုကြောင်းနဲ့ ဆက်လက် လက်တွဲ ကူညီပေးပါလို့ ဝန်ကြီးက ပြောသွားကြောင်း ဇိုမီးအဖွဲ့ရဲ့ ပြန်ကြားရေးနဲ့ ပြည်သူ့ ဆက်ဆံရေး ဌာန ဒါရိုက်တာ ဦးဒယ်နီက ရှင်းပြခဲ့ပါတယ်။

ဝန်ကြီးဟာ ဇိုမီးအဖွဲ့ ဗဟိုကော်မတီဝင် တွေနဲ့ တံခါးပိတ်ပြီး ၄၅မိနစ်လောက် ဆွေးနွေးသွားပေမယ့် အသေးစိတ်ကိုတော့ မသိခဲ့ရပါဘူး။