NLD ဗဟို ဥပဒေပြုအဖွဲ့ တိုးချဲ့

  • 17 ဒီဇင်ဘာ 2010

အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဗဟို ဥပဒေ အထောက် အကူပြု အဖွဲ့ ကို တိုးချဲ့ ဖွဲ့စည်းလိုက်ပါတယ်။

Image caption ဗဟိုဥပဒေပြု အဖွဲ့ ဒုတိယဥက္ကဌ ဦးဉာဏ်ဝင်း

အဲဒီ အဖွဲ့မှာ ဗဟို အလုပ် အမှုဆောင်အဖွဲ့ဝင်ရဲ့ ကိုယ်စားလှယ် အဖြစ် ဖြည့်စွက် ထည့်သွင်း လိုက်တဲ့ ဒေါ်အောင်ဆန်း စုကြည် အပါအဝင် ဥပဒေ ပညာရှင် တွေပါတဲ့ ၁၃ ယောက် နဲ့ ဖွဲ့စည်း လိုက်တာပါ။

အဲဒီ အဖွဲ့မှာ ဦးတင်ဦးက ဥက္ကဌ ဖြစ်ပြီး ရှေ့နေကြီး ဦးကြည်ဝင်းက တရားရေးဆိုင်ရာ အထူး အကြံပေး ပုဂ္ဂိုလ် ဖြစ်ပါတယ်။ ရှေ့နေကြီး ဦးဉာဏ်ဝင်းကတော့ ဒုတိယ ဥက္ကဌ တာဝန် ပေးအပ် ခံရပါတယ်။

အရံ အဖွဲ့ဝင်တွေ အဖြစ် ဦးလှမျိုးမြင့်၊ ဦးသိန်းဟန်နဲ့ ဦးခင်မောင်ရှိန်တို့ ကို ထည့်သွင်း ဖွဲ့စည်း ထားပါတယ်။

အခုလို တိုးချဲ့ ဖွဲ့စည်း လိုက်တာဟာ အရင်ဥပဒေပြု အဖွဲ့ထဲက ရှေ့နေလိုင်စင် ရုပ်သိမ်း ခံကြရသူတွေ ရှိတဲ့ လစ်လပ်သွားတဲ့ နေရာတွေမှာ အစားထိုး တာဝန် ပေးတာ လည်း ဖြစ်ပါတယ်။

ထောင်တွင်းမှာ အကျဉ်းသား တွေ အခွင့် အရေး အပြည့်အဝ မရကြတာ တွေနဲ့ ဥပဒေ အရ လိုအပ်တဲ့ တခြား အကူအညီတွေကို ပေးနိုင်ဖို့ အပြင် သာမန် ပြည်သူတွေ မတရားသဖြင့် နစ်နာ ကြရတာတွေကို ကူညီပေးဖို့ ဆိုတဲ့ ရည်ရွယ်ချက် တွေနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် က ဗဟို ဥပဒေ အထောက် အကူပြု အဖွဲ့ကို တိုးချဲ့ ဖွဲ့စည်း လိုက်တယ် လို့ ဒီကနေ့ ပဲ ထုတ်ပြန် ကြေငြာ လိုက် ပါတယ်။

နိုင်ငံရေးနဲ့ ပတ်သက် ဆက်နွယ်ပြီး အရေးယူခံကြရတဲ့ NLD အဖွဲ့ဝင် တွေကိုရော အဖွဲ့ဝင် မဟုတ်သူတွေကိုပါ အန်အယ်လ်ဒီ ဥပဒေ အထာက်အကူပြု အဖွဲ့ ရှေ့နေတွေက အခမဲ့ ကူညီပေးမယ်၊ ပြစ်ဒဏ် ကျခံကြရပြီးသူ NLD အဖွဲ့ဝင်တွေ အတွက်လည်း ဥပဒေ အရ လမ်းကြောင်းဆုံးတဲ့ အထိ လိုက်ပါ ဆောင်ရွက် ပေးမယ် လို့ NLD ပြောရေးဆိုခွင့် ရှိသူ ရှေ့နေကြီး ဦးဉာဏ်ဝင်းက ဘီဘီစီကို ပြောပါတယ်။

တရားရုံး ကိစ္စ မဟုတ် ပေမဲ့ ဥပဒေနဲ့ မညီတဲ့ ဆောင် ရွက်မှုတွေကြောင့် ထိခိုက် နစ်နာ ကြရတဲ့ ပြည်သူလူထု အတွက်လည်း လိုအပ်တာတွေကို ထောက်ပံ့ကူညီနိုင်စေဖို့ အခု သီတင်းပတ်က စပြီး NLD ရုံးချုပ်မှာ ရုံးခန်းဖွင့် ပြီး လုပ်ငန်းတွေ ဆောင်ရွက်ပေး နေပြီလို့လည်း သူက ဆက်ပြောပါတယ်။

မြန်မာ နိုင်ငံ အတွင်းမှာ ပြည်သူလူထုကို ဥပဒေအရ အကူအညီပေးနေကြသူတွေ ရှိကြပေမဲ့ အဖွဲ့အစည်း အနေနဲ့ရပ်တည် လုပ်ဆောင်ပေးနိုင်တာကတော့ အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လက်အောက်မှာ ဖွဲ့စည်းထားတဲ့ ဗဟို ဥပဒေ အထောက် အကူပြု အဖွဲ့ တစ်ခုသာ ရှိတယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။