ပင်လုံအပေါ် တိုင်းရင်းသားပါတီများ စိတ်မဝင်စား

  • 17 ဒီဇင်ဘာ 2010
SSA North
Image caption တိုင်းရင်းသားလက်နက်ကိုင်တွေက ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ဆက်လက် တိုက်ပွဲဝင်နေဆဲ

မြန်မာနိုင်ငံကို ရောက်နေတဲ့ သြစတြေးလျ နိုင်ငံခြားရေးဌါန အရှေ့တောင် အာရှဒေသဆိုင်ရာ လက်ထောက် ညွှန်ကြားရေးမှူးချုပ် ရော့မက် ကီပွန်က ချင်းအမျိုးသား ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနဲ့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီတို့ကို မနေ့ကတွေ့ဆုံပြီး ဒေသ ဖွံ့ဖြိုးရေးကိစ္စ၊ ရွေးကောက်ပွဲ ကိစ္စနဲ့ ဒုတိယ ပင်လုံ ညီလာခံ ကိစ္စတွေကို ဆွေးနွေးမေးမြန်းခဲ့ပါတယ်။

ဗြိတိသျှ လက်အောက် လွတ်လပ်ရေး ရဖို့ ပြည်မနဲ့ တောင်ပေါ်သားတွေ ကတိကဝတ် ပြုထားတာ ဖြစ်လို့ ပင်လုံ ညီလာခံဟာ မရှိမဖြစ် လိုအပ်ခဲ့ပေမဲ့ အခု ပြောနေ ကြတဲ့ ၂၁ရာစု ပင်လုံညီလာခံ ဆိုတာကိုတော့ သူ့အနေနဲ့ နားမလည်နိုင်ကြောင်းကို ဒီတွေ့ဆုံပွဲမှာ ပြောခဲ့တယ်လို့ ချင်းအမျိုးသားပါတီ ဥက္ကဌ ဦးဇိုဇမ်က ဘီဘီစီကို ပြောပါတယ်။

Image caption ချင်းအမျိုးသားပါတီ ဥက္ကဌ ဦးဇိုဇမ်

အခု ပြောနေတဲ့ ပင်လုံစာချုပ် လုပ်ချင်တဲ့ သူတွေက ဘယ်သူတွေလဲ၊ တကယ်ပဲ တိုင်းရင်းသားတွေ အပေါ် စေတနာ မေတ္တာ ထားတဲ့သူ ဟုတ်ရဲ့လားဆိုတာကို သူ့အနေနဲ့ သံသယ ဝင်မိတဲ့အကြောင်း ဗိုလ်ချုပ် အောင်ဆန်းကဲ့သို့သော တိုင်းရင်းသားတွေကို တကယ် မေတ္တာ ထားနိုင်မယ့် ပုဂ္ဂိုလ်မျိုး သူတို့ လိုချင်တဲ့ အကြောင်း ကိုလည်း ပြောပြခဲ့တယ်လို့ ဦးဇိုဇမ်က ပြောပါတယ်။

အရင် ပြုလုပ်ခဲ့တဲ့ ပင်လုံ ညီလာခံရဲ့ ပင်လုံ စိတ်ဓါတ် အမှန် အနှစ်သာရကို နောက်ထပ် လုပ်မယ်ဆိုတဲ့ ညီလာခံက ထိခိုက်နိုင်တယ်လို့ သူမြင်တဲ့အကြောင်းနဲ့ အခု နောက်ထပ် လုပ်မယ့် ပင်လုံ ညီလာခံကို ခေါင်းဆောင် ကြမယ့် သူတွေဟာ အနှစ် ၂၀ ကျော်အတွင်း ဘာတခုမှ ဖြစ်လာအောင် မလုပ်နိုင်တဲ့သူတွေ ဖြစ်တာမို့ သူ့အနေနဲ့ ဗိုလ်ချုပ် အောင်ဆန်းကို ယုံကြည် သလိုတော့ မယုံကြည်နိုင်ဘူးလို့ ဦးဇိုဇမ်က ဘီဘီစီကို ပြောပြပါတယ်။

Image caption ကျားဖြူပါတီကတော့ လွှတ်တော်မှာပဲ ဆွေးနွေးမယ်

SNDP ကျားဖြူ ပါတီကလည်း ဒေါ်အောင်ဆန်း စုကြည်နဲ့ လောလောဆယ်မှာ တွေ့ဆုံဖို့ အစီအစဉ် မရှိသေးတဲ့ အကြောင်းနဲ့ တိုင်းရင်းသား အရေးကိစ္စ ဆောင်ရွက်ရာမှာ ဒုတိယ ပင်လုံ ညီလာခံဆိုတဲ့ လိုင်း မဟုတ်တဲ့ လွှတ်တော် အတွင်းမှာပဲ ပြောဆိုသွားမှာ ဖြစ်တဲ့အကြောင်းကိုလည်း ပါတီ ဥက္ကဌ ဦစိုင်းအိုက်ပေါင်းက ဘီဘီစီကို ပြောပါတယ်။

ဒီလို တိုင်းရင်းသားပါတီတွေရဲ့ အမြင်အပေါ် ဒေါ်အောင်ဆန်းစုကြည်ကို ဘီဘီစီက မေးကြည့်ရာမှာ သူပြန်ပြောတာက တိုင်းရင်းသားတွေ အပါအဝင် ဘယ်သူမဆို ဒီမိုကရေစီ ယုံကြည်ချက်အရ သူ့ယုံကြည်ချက်နဲ့ သူရှိကြမယ်ဆိုတာ လက်ခံတဲ့အကြောင်း ပြောပါတယ်။

Image caption ဒုတိယပင်လုံကို ဒေါ်စု ဦးဆောင်ဖို့ တိုင်းရင်းသား ခေါင်းဆောင်တချို့က တိုက်တွန်းထား

တူညီတဲ့ ရည်မှန်းချက် အပေါ်မှာတော့ လက်တွဲပြီး လုပ်နိုင်လိမ့်မယ်လို့လည်း ယုံကြည်ကြောင်း၊ မိမိတို့ လုပ်နေတဲ့ ဒုတိယ ပင်လုံရဲ့ ရည်ရွယ်ချက်က စစ်မှန်ပြီး ခိုင်မာတဲ့ ပြည်ထောင်စု စိတ်ဓါတ်ကို တည်ဆောက်ဖို့ ဝိုင်းဝန်း လုပ်ဆောင် နေတာသာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

နောက်ပြီး ရည်ရွယ်ချက်ချင်း တူရင် လက်တွဲ မလုပ်နိုင်စရာ မရှိတဲ့အကြောင်း သူက ဘီဘီစီကို ပြောပြသွားပါတယ်။