ရခိုင်ပါတီက ကုမ္ပဏီထောင်ပြီး ရံပုံငွေ ရှာမယ်

  • 18 ဒီဇင်ဘာ 2010

ရခိုင်အမျိုးသားတိုးတက်ရေးပါတီဟာ ပါတီရံပုံငွေရရှိရေးအတွက် ကုမ္ပဏီကြီးတခု တည်ထောင်တော့မှာ ဖြစ်ပါတယ်။

လာမယ့်နှစ်ဆန်းပိုင်းမှာ သီရိကဉ္စနကုမ္ပဏီဆိုပြီး အစုရှယ်ယာထည့်ဝင်စေတဲ့နည်းနဲ့ တည် ထောင်မှာဖြစ်တယ်လို့ ရခိုင်အမျိုးသား တိုးတက်ရေးပါတီ ဥက္ကဌ ဒေါက်တာအေးမောင်က ပြောပါတယ်။

ဒီကုမ္ပဏီဟာ ဆောက်လုပ်ရေးလုပ်ငန်းနဲ့ ရေလုပ်ငန်းတွေကို လုပ်မှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ပါတီအတွင်းက ကုမ္ပဏီလုပ်ငန်းကျွမ်းကျင်သူတွေက ဦးဆောင်ပြီး ရရှိတဲ့ အကျိုးအမြတ်ထဲက ၂၅ ရာခိုင်နှုန်းကို ပါတီရံပုံငွေအဖြစ်ထည့်ဝင်ခွဲဝေယူရမှာဖြစ်တယ်လို့ ဒေါက်တာအေးမောင်က ပြောပါတယ်။

ရရှိတဲ့ ရံပုံငွေနဲ့ ပါတီဝင်မိသားစုတွေထဲက ထူးချွန်တဲ့ လူငယ်တွေကို ပညာသင်စရိတ် ပံ့ပိုးနိုင်အောင်နဲ့ သဘာဝဘေးအန္တရယ် ကျရောက်တဲ့အခါမျိုးမှာ ပံ့ပိုးမှုတွေ လုပ်နိုင်အောင်ရည်ရွယ်ပြီးမှ ကုမ္ပဏီထောင်ဖို့ ရည်ရွယ်ခဲ့တာဖြစ်တယ်လို့လည်း ဒေါက်တာအေးမောင်က ဘီဘီစီကို ပြောပါတယ်။