၂၀၁၁ က အရေးကြီးလို့ ဒေါ်အောင်ဆန်းစုကြည်ပြော

  • 19 ဒီဇင်ဘာ 2010
DASSK
Image caption နှစ်ဖက်စလုံးက အလျော့အတင်းလုပ်ဖို့ လိုတယ်လို့ ဒေါ်စု ပြော

၂၀၁၁ ခုဟာ မြန်မာနိုင်ငံရဲ့ အင်မတန်မှ အရေးကြီးတဲ့ နှစ်ဖြစ်မယ်လို့ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ရွေးကောက်ပွဲအပြီး အစိုးရသစ် တစ်ရပ်မှာ လက်ရှိ နအဖ အစိုးရ ခေါင်းဆောင်တွေ အများဆုံး ပါဝင်မှာ ဖြစ်ပေမယ့် အသွင် သဏ္ဍာန် အားဖြင့် အစိုးရသစ် တစ်ရပ်ကတော့ ပေါ်လာမှာ ဖြစ်ပြီး ရွေးကောက်ပွဲမှာ နေရာ တချို့ အနိုင်ရ ပါတီတွေကတော့ လွှတ်တော် ကနေ တစ်စုံတရာ ဖြစ်လာဖို့ မျှော်လင့်နေကြပါတယ်။

တစ်ဘက်မှာလည်း NLD အပါအဝင် တိုင်းရင်းသား ခေါင်းဆောင်တချို့နဲ့ နိုင်ငံရေး အင်အားစုတချို့က လွှတ်တော် ပြင်ပကနေ နိုင်ငံရေး လှုပ်ရှားမှုတွေ ရှိနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပြောတာကတော့ ၂၀၁၁ မှာ ဘယ်လိုဖြစ်လာမယ် ဆိုတာကို သူ့အနေနဲ့ အသေအချာ မပြောနိုင်ပေမယ့် အဓိကအားဖြင့် အားလုံး ပါဝင်နိုင်တဲ့ နိုင်ငံရေး ဖြစ်စဉ်တစ်ခု ပေါ်လာအောင်တော့ အားလုံးဝိုင်းပြီး ကြိုးစားကြရမယ် လို့လည်း ပြောပါတယ်။

လွှတ်တော်တွင်း လွှတ်တော်ပ နိုင်ငံရေး ဖြစ်စဉ် ပုံသဏ္ဍာန်နှစ်ခု ရှိနေရာမှာ ဒီအင်အားစု နှစ်ခု ပေါင်းဆုံနိုင်အောင်ကတော့ နှစ်ဦးနှစ်ဖက် နားလည်မှုယူဖို့လိုတယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။

''နှစ်ဖက်စလုံးက နိုင်ငံကောင်းဖို့အတွက် လုပ်နေတာ၊ နိုင်ငံမှာ ဒီမိုကရေစီ အဆောက်အအုံ တွေ ပေါ်လာဖို့ လူ့အခွင့်အရေးတွေ ပိုပြီးတော့ ကောင်းကောင်း မွန်မွန် ဖြစ်အောင် နှစ်ဖက် စလုံးက လုပ်ချင်တယ်ဆိုလို့ရှိရင် နှစ်ဖက်စလုံး ပူးပေါင်းဆောင်ရွက်နိုင်တဲ့ နည်းတွေ ပေါ်လာမှာပဲ''လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

''ဒါပေမယ့်လည်း နှစ်ဖက်စလုံးကတော့ အပေးအယူလုပ်ဖို့ အလျှော့အတင်းလုပ်ဖို့ လိုတယ်'' လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ဖြည့်စွက် ပြောပါတယ်။

အပေးအယူ အလျှော့အတင်း ဆိုတာကလည်း တွေ့ဆုံ ဆွေးနွေးမှ သာလျင် ဘယ်လို ပုံသဏ္ဍာန်နဲ့ အပေးအယူ အလျှော့အတင်း လုပ်မလဲဆိုတာ သိနိုင်မယ်၊ နှစ်ဖက်စလုံး ကတော့ ၁၀၀ ရာခိုင်နှုန်း ဆုပ်ကိုင်ထားမယ်ဆိုတဲ့ စိတ်ဓါတ်ကို လျှော့ပေးရမှာပေါ့လို့လည်း ဒေါ်အောင်ဆန်းစုကြည်က သူ့အမြင်ကို ပြောပါတယ်။