ကုလားတန်မြစ် စီမံကိန်းကြောင့် အကျိုးဖြစ်ထွန်းမလား၊

  • 20 ဒီဇင်ဘာ 2010
kaladan
Image caption ကုလားတန်မြစ်ထဲမှာ လှေငယ်တွေ အစား သင်္ဘောတွေ အသုံးများလာဖို့ရှိ

မြန်မာနဲ့ အိန္ဒိယ နိုင်ငံကြား ကုလားတန် မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်း သယ်ယူ ပို့ဆောင်ရေး စီမံကိန်းကို မကြာခင် စတင် တော့မှာ ဖြစ်ပါတယ်။

ဒီစီမံကိန်း အတွက် ဆိပ်ကမ်း တည်ဆောက်ရေး အုတ်မြစ်ချ အခမ်းအနားကို တနင်္ဂနွေနေ့က စစ်တွေမြို့မှာ ကျင်းပခဲ့ပါတယ်။

ဒီစီမံကိန်းထဲမှာ စစ်တွေ ဆိပ်ကမ်း တိုးချဲ့ ဆောက်လုပ်ရေး၊ သင်္ဘောကြီးတွေ သွားလာနိုင်ရေး အတွက် ကုလားတန်မြစ်ကို တိုးချဲ့ တူးဖေါ်ရေးနဲ့ ချင်းပြည်နယ် ပလက်ဝမြို့ ကနေ အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ်အထိ ကားလမ်း ဖေါက်လုပ်ရေးတွေ ပါဝင်ပါတယ်။

အိန္ဒိယ အစိုးရက လမ်းပန်းအဆက်အသွယ် ခက်ခဲတဲ့ နိုင်ငံ မြောက်ပိုင်း မီဇိုရမ်ပြည်နယ်ဆီ ပြည်မကြီးကနေ ကုန်ပစ္စည်းတွေ တင်ပို့နိုင်ဖို့ ဒီစီမံကိန်းကို အဓိက ရည်ရွယ် လုပ်ဆောင်တာ ဖြစ်ပါတယ်။

အိန္ဒိယ ပြည်မက ကုန်ပစ္စည်းတွေကို ဘင်္ဂလား ပင်လယ်အော်ကနေ စစ်တွေမြို့ကနေတဆင့် ကုလားတန်မြစ်ကို ဖြတ်ပြီး ချင်းပြည်နယ် ပလက်ဝအထိ ရေကြောင်းကနေ ပို့ဆောင်မှာ ဖြစ်ပြီး ပလက်ဝကနေ မီဇိုရမ် အထိ ကားနဲ့ တင်ပို့ဖို့ စီစဉ်ထားပါတယ်။

ရခိုင်ပြည်နယ်က ထွက်တဲ့ လယ်ယာနဲ့ ပင်လယ် ထွက်ကုန်တွေကို အိန္ဒိယ သင်္ဘောတွေနဲ့ ပြန်တင်သွားမှာ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံအတွက် အကျိုးအမြတ် ရှိလာနိုင် သလို လမ်းပန်း အသစ်တွေ ဖေါက်လုပ်မှာ ဖြစ်တဲ့အတွက် ဒေသခံတွေအတွက် အလုပ်အကိုင်သစ် တွေ ပေါ်လာနိုင်ဖို့ ရှိကြောင်း၊ ဒါပေမဲ့လည်း စွန့်ပစ် ပစ္စည်းတွေကြောင့် ကုလားတန် မြစ်ထဲက သန္တာ ကျောက်တန်းတွေနဲ့ ပင်လယ်ငါးမျိုးတွေ တုန်းသွားနိုင်တယ်လို့ ရခိုင်ဒေသ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့ တခု ဖြစ်တဲ့ ရခိုင် မြစ်ချောင်း ကွန်ယက် အဖွဲ့ ရဲ့ ဒါရိုက်တာ ကိုအောင်မင်းဦးက ဘီဘီစီကို ပြောပါတယ်။

ဒီစီမံကိန်းကြောင့် ကုလားတန် မြစ်ထဲမှာ သင်္ဘောကြီးတွေ ကူးလူးသွားလာမှုတွေ ရှိလာမှာမို့ လှေငယ်၊ စက်လှေတွေ အသုံးပြုနေကြတဲ့ ဒေသခံတွေအတွက် အခက်အခဲ တွေ ရှိလာနိုင်မယ် လို့လည်း ဆိုပါတယ်။