ဖလူးဒေသမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်

  • 21 ဒီဇင်ဘာ 2010

ကရင်ပြည်နယ် မြဝတီမြို့ တောင်ဘက် ဖလူးဒေသမှာ နအဖ စစ်တပ်နဲ့ ဒီကေဘီအေ ခွဲထွက် အဖွဲ့တွေ တိုက်ပွဲ အပြင်းအထန် ဆက်လက် ဖြစ်ပွါးနေပြီး အကျအဆုံး တွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

Image caption နှစ်ဖက်တိုက်ပွဲတွေကြောင့် ကြားက ပြည်သူတွေ မှာ ပြေးပြေးလွှားလွှား ဒုက္ခခံကြရတယ်

ဒီကနေ့ မနက် ၁၁ နာရီလောက်က စပြီး ဖလူးလေး အနားမှာ မိနစ် နှစ်ဆယ်လောက် အပြင်းအထန် တိုက်ပွဲ ဖြစ်ခဲ့ရာမှာ မော်တာတွေ မောင်းပြန် ရိုင်ဖယ်တွေ အသုံးပြုပြီး တိုက်ခိုက် ခဲ့ကြပါတယ်။

ဒီတိုက်ပွဲမှာ နအဖဘက်က ၆ ယောက်သေပြီး ၁၃ ယောက် ဒဏ်ရာ ရသွားတယ်လို့ ဒီကေဘီအေကို အကူအညီ ပေးနေတဲ့ မြန်မာ့ နိုင်ငံရေး လှုပ်ရှားသူတွေက ပြောပြီး ဒေသခံ ရွာသား တချို့ကတော့ ဒီကေဘီအေဘက်က ၉ ယောက် သေဆုံးတယ်လို့ ဆိုပါတယ်။

ဒီကေဘီအေ တချို့ကို နအဖက လက်ရ ဖမ်းဆီးမိသွားခဲ့ပြီး အဲဒီအထဲမှာ အနောက်နိုင်ငံသား အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၃ ဦး ပါဝင်တယ်လို့လည်း အတည်မပြု နိုင်သေးတဲ့ သတင်းအရ သိရပါတယ်။

ရွေးကောက်ပွဲ မတိုင်ခင်က ဖွဲ့စည်းခဲ့တဲ့ မြန်မာ့ ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားသူများ အဖွဲ့ကလည်း ဒီကနေ့ ကြေညာချက် ထုတ်ပြန်ရာမှာ တိုင်းရင်းသားတွေ အပေါ် မြန်မာ အစိုးရက စစ်ဆင် တိုက်ခိုက် နေတာတွေ ရပ်တန့်ပေးဖို့ တောင်းဆိုတဲ့ အချက်လည်း ပါတာ တွေ့ရပါတယ်။

တိုင်းရင်းသားတွေ အခုလို နအဖရဲ့ စစ်ဆင် တိုက်ခိုက် ခံနေရတဲ့ ကိစ္စဟာ တခြား တိုင်းရင်းသားတွေ အားလုံး မြန်မာ တနိုင်ငံသား အားလုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စဖြစ်တဲ့ အကြောင်း ဒီလို စစ်ဆင် တိုက်ခိုက် ခံနေရတဲ့ သတင်းကို ပြည်သူ အားလုံး သိစေချင်လို့ အခုလို ကြေညာချက် ထုတ်ပြန် ရတာ ဖြစ်တယ် လို့လည်း ဒီအဖွဲ့ရဲ့ ဥက္ကဌ ဖြစ်တဲ့ ကိုမင်းသိန်းက ဘီဘီစီကို ပြောပါတယ်။