မြဝတီမြို့ တောင်ဖက် မိုင်၄ဝမှာ DKBAနဲ့ မြန်မာ စစ်တပ် တိုက်ပွဲဖြစ်

  • 21 ဒီဇင်ဘာ 2010
Image caption DKBA နဲ့ မြန်မာ စစ်တပ် တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ စစ်ပြေး ဒုက္ခသည်တွေ

တလအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေထဲမှာ အပြင်းထန်ဆုံး ဖြစ်ပွားခဲ့တဲ့ မနေ့က တိုက်ပွဲမှာ နအဖ ဖက်က သေဆုံးသူနဲ့ ဒါဏ်ရာရသူ အတော်များတယ်လို့ ကေအင်ယူ တပ်ရင်း ၂ဝ၁ က ဒုတိယ တပ်ရင်းမှူး ဗိုလ်မှူး ကြည်အောင်က ပြောပါတယ်။

ဒီတိုက်ပွဲဟာ ကနဲလေးနဲ့ ဝေါ်လကြား ဖမောဘောထမှာ ဖြစ်ပွားခဲ့တာပါ။

နအဖ ရိက္ခာ သယ်လာတဲ့ အဖွဲ့နဲ့ ဒီကေဘီအေ အဖွဲ့တွေ ဆုံတွေ့ ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့ကြတာ လို့လည်း သိရပါတယ်။

နအဖ ဖက်က ၈ ယောက်သေပြီး ဒဏ်ရာရသူ ၂၆ယောက် ရှိတယ်လို့ ဆိုပါတယ်။

တနင်္ဂနွေနေ့တုန်းက ဖလူး အနားမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာတော့ ဒီကေဘီအေဖက်က အထိနာ သွားပါတယ်။

မြဝတီမြို့ တောင်ဖက်မှာ ဒီကေဘီအေ အပြင် ကေအင်ယူ တပ်တွေလည်း ရှိပေမယ့် နအဖ တပ်တွေဟာ အဲဒီ ဒီကေဘီအေ တပ်တွေကိုဘဲ အဓိကထား တိုက်ခိုက် နေတာ တွေ့ရပါတယ်။

ဒါကလည်း နအဖရဲ့ အစီအစဉ်ဖြစ်တဲ့ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လက်မခံတဲ့ ဒီကေဘီအေ တွေက ပြီးခဲ့တဲ့ နိုဝင်ဘာလ လဆန်းပိုင်းတုန်းက မြဝတီမြို့ကို တိုက်ခိုက်ပြီး နအဖ တပ်ကို စိန်ခေါ်လိုက်တာကြောင့် အခုလို အခြေအနေတွေ ဖြစ်ခဲ့ရတာလို့ သုံးသပ်သူတွေက ဆိုပါတယ်။

နအဖ အစိုးရဟာ ဒီကေဘီအေနဲ့ တိုက်ပွဲ ဖြစ်နေတဲ့ ဒေသတွေဖက်ကို စစ်သား ၊ လက်နက် ခဲယမ်းမီးကျောက်နဲ့ ရိက္ခာ တွေကို ဆက်တိုက် ပို့နေတာကြောင့် ဒီခြောက်သွေ့ရာသီမှာ နအဖက ဒီကေဘီအေကို အပြင်းအထန် စစ်ဆင် တိုက်ခိုက် နိုင်တယ်လို့ ထိုင်း မြန်မာ နယ်စပ် တိုက်ပွဲတွေကို စောင့်ကြည့် နေသူတွေက ပြောကြောင်း သတင်း ရရှိပါတယ်။