ယွန်းဘတ်နဲ့ လာဆင်ကို ငှါးဖို့ ဇေယျာရွှေမြေ ဆောင်ရွက်

  • 22 ဒီဇင်ဘာ 2010
 Fredrik Ljungberg
Image caption Fredrik Ljungberg

မြန်မာနေရှင်နယ်လိခ် ဘော်လုံးအသင်းတသင်းဖြစ်တဲ့ ဇေယျာရွှေမြေဘော်လုံးအသင်းက အင်္ဂလန် ပရိုင်းမီးယားလိခ်က နာမည်ကျော် ဘော်လုံးအသင်း တွေဖြစ်တဲ့ အာစင်နယ်နဲ့ ယူနိုက်တက်အသင်းတို့မှာ ကစားခဲ့ကြတဲ့ ဘော်လုံးသမားဟောင်းများ ဖြစ်ကြတယွန်းဘတ်နဲ့ လာဆင်တို့ ၂ ယောက်ကို ဝယ်ယူကြိုးစား နေတယ်လို့ Premier Eleven အားကစား ဂျာနယ်မှာ ဖေါ်ပြထားပါတယ်။

မြန်မာနေရှင်နယ်လိခ်က ပေါ်ကာစဆိုတော့ လိခ်အပေါ်မှာနဲ့ ဇေယျာရွှေမြေအပေါ်မှာပါ လူတွေ ပိုပြီး စိတ်ဝင်စားလာဖို့အတွက် ရည်ရွယ်ပြီး ဒီလို ငွေအများကြီးပေးဝယ်မှ ရတဲ့ နာမည်ကြီး ဘော်လုံးသမားတွေကို ဝယ်ယူဖို့ ကြိုးစာတာ ဖြစ်နိုင်တယ်လို့ အားကစားသတင်းတွေကို မျက်ခြေမပြတ်လေ့လာနေပြီး ဂျာနယ်တွေမှာ ဆောင်းပါးတွေရေးနေတဲ့ ကလောင်ရှင် ဦးခင်မောင်ထွေးက သူ့အမြင်ကို ပြောပြပါတယ်။

အခုလို အသက်အရွယ်ကလည်း ကြီးပြီး ငွေအများကြီးပေးဝယ်မှ ရတဲ့သူတွေကို ဝယ်ယူဖို့ကြိုးစားတာဟာ နာမည်ကြီးသူတွေမို့ ဖြစ်နိုင်တဲ့အကြောင်း လာဆင်ဆိုရင်လည်း မန်ချက်စတာယူနိုက်တက်မှာ ကစားခဲ့သူဖြစ်တဲ့အကြောင်း လာဆင်တို့ ရွန်းဘတ်တို့ကို မြန်မာပြည်သူတွေက ရုပ်မြင်သံကြားမှာပဲ ကြည့်ဖူးကြတာဖြစ်တော့ ကမ္ဘာ့ဘော်လုံးသမားတွေထဲက လူဟောင်းတွေ ဖြစ်သည့်တိုင် လူတွေက စိတ်ဝင်စားကြမှာဖြစ်တယ်လို့ ယူဆပြီး ဝယ်ယူဖို့ စဉ်းစားတာဖြစ်နိုင်တယ်လို့ ဦးခင်မောင်ထွေးက ပြောပါတယ်။

ဒီလို ငွေကြေးအများအပြားပေးပြီးမှ ဘော်လုံးသမားတွေကို ဝယ်ခဲ့ပေမယ့် လက်ရှိအခြေအနေအရတော့ ပြန်လည် ငွေကြေးပြန်ရဖို့ဆိုရင် ပြည်တွင်းမှာတော့ သိတ်ပြီး တွက်ခြေကိုက်မယ်မထင်တဲ့အကြောင်း လမ်းပွင့်သွားလို့ အဝင်အထွက်တွေ သာယာသွားရင်တော့ ကလပ်အသင်းတွေကို စပွန်စာပေးတာတွေ ရှိတတ်တဲ့အကြောင်း ဒါတွေအထိ မျှော်မှန်းရင်တော့ အမြတ်အစွန်းမရှိသည့်တိုင်အောင် မရှုံးနိုင်ဘူးလို့ သူမြင်တဲ့အကြောင်းကိုလည်း ဦးခင်မောင်ထွေးက ဘီဘီစီကို ပြောပြသွားပါတယ်။