လွှတ်တော် ဘယ်နေ့ ခေါ်နိုင်လဲ

  • 22 ဒီဇင်ဘာ 2010

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲ အများဆုံးနဲ့ အနိုင် ရခဲ့တယ် ဆိုတဲ့ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ အမတ်တွေ ရဲ့ ပထမဆုံး အကြိမ် ပါတီ ညီလာခံကို နေပြည်တော်မှာ ကျင်းပ နေပါတယ်။

Image caption ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ ရဲ့ ရွေးကောက်ပွဲ တုန်းက မဲဆွယ် ခဲ့တဲ့ ပိုစတာ

ဒီဇင်ဘာ ၂၂ ရက်နေ့ကနေ စတင်ပြီး သုံးရက် ကြာအောင် ကျင်းပမယ့် အဲဒီ ပါတီ ညီလာခံကို ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ က ရွေးကောက်ခံ အမတ် ကိုးရာ နီးပါး တက်ရောက် နေကြတယ်လို့ ပါတီ တာဝန်ရှိသူ တစ်ယောက်က ဘီဘီစီကို ပြော ပါတယ်၊

ဆွေးနွေး ကြမယ့် အကြောင်း အရာတွေထဲမှာ လွှတ်တော်ထဲ ကျရင် လုပ်ဆောင်ကြမယ့် အကြောင်းအရာတွေ အပါအဝင် ပါတီရန်ပုံငွေ ကိစ္စ၊ ပါတီ ပြန်လည် ဖွဲ့စည်းရေး ကိစ္စတို့ကို ထည့်သွင်း ထားတယ်လို့ လည်း သိရပါတယ်။ ဒါပေမယ့် အသေးစိတ်ကိုတော့ ခုချိန်ထိ မသိရသေးပါဘူး။

ပါတီ ဖွဲ့စည်းပုံ အရ တော့ မြို့နယ် အဆင့်မှာ အတွင်းရေးမှူး အပါအဝင် ၁၅ ယောက်၊ ခရိုင်အဆင့် မှာ ၉ ယောက်နဲ့ တိုင်း အဆင့်မှာ ၁၅ ယောက် တို့နဲ့ ဖွဲ့စည်းမှာ ဖြစ်ပါတယ်။

မြို့နယ် အဆင့် ကော်မတီဝင် တွေကို အရင်က တစ်လ ကျပ် လေးထောင် ပေးရာကနေ အခု ကျပ် ခုနှစ် သောင်းအထိ ပေးမယ်၊ ခရိုင်နဲ့ တိုင်းအဆင့်ကို တော့ သိန်း ကျော် ပေးဖို့ စီစဉ် နေတယ်လို့ အဲဒီ ပါတီ တာဝန်ရှိသူ ကပြော ပါတယ်၊

ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီမှာ ရန်ပုံငွေ ဘယ်လောက် ရှိတယ်ဆိုတာ အတိအကျ မပြောနိုင် ပေမဲ့ ပါတီရန်ပုံငွေ အတွက် ဦးပိုင် လီမီတက် အပါအဝင် လုပ်ငန်း အတော် များများ ထူထောင် ထားတယ်လို့လည်း ပါတီ တာဝန်ရှိသူက ပြောပါတယ်။

လာမယ့် ဇန္နဝါရီလ ၁၇ ရက် တနင်္လာနေ့မှာ လွှတ်တော် ခေါ်ဖို့ သတ်မှတ် ထားပြီး လွှတ်တော် အမတ်တွေ အနေနဲ့ ၁၅ ရက်နေ့ အရောက် နေပြည်တော်ကို သွား ရမယ်လို့ လောလောဆယ် သတ်မှတ် ထားတာလည်း သိရတဲ့ အကြောင်း ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ တာဝန်ရှိသူ ကပဲ ဘီဘီစီကို ပြောပါတယ်။

လွှတ်တော် ခေါ်မယ့် ရက် ကို သီးခြား အတည်ပြုလို့ မရသေးပေမဲ့ ဥပဒေ အရ ဆိုရင် ရွေးကောက်ပွဲ အပြီး ရက်ပေါင်း ကိုးဆယ် အတွင်း လွှတ်တော် ခေါ်ယူရမှာ ဖြစ်ပါတယ်။