ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးတဲ့ စစ်သား မြန်မာကို ပြန်အပ်

  • 23 ဒီဇင်ဘာ 2010

ပြီးခဲ့တဲ့ တပတ်က ဂျီသရီး မောင်းပြန် သေနတ် တစ်လက် ကျည်ဆံ ၁၂၀ နဲ့အတူ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေးခဲ့တဲ့ မြန်မာ စစ်တပ်က တပ်သား ကိုသိန်းဇော်ထွန်း ကို တနင်္လာ နေ့ကပြုလုပ်တဲ့ နှစ် နိုင်ငံ တပ်မှူး အဆင့် အစည်းအဝေးမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ က မြန်မာ ဘက် ပြန်လည် လွှဲပြောင်း ပေးလိုက်ပါတယ်။

Image caption ဒီမြန်မာ စစ်သားတွေထဲမှာ ဖိနှိပ်မှု အောက်က ရုန်း ထွက် လိုသူတွေလည်း ရှိနေ

အဲဒီ လွှဲပြောင်း ပေးပြီးနောက်ပိုင်း တပ်သား ကိုသိန်းဇော်ထွန်းအတွက် လူ့အခွင့်အရေး လှုပ်ရှားသူတွေက စိုးရိမ်နေကြ ပါတယ်။

ဒီလို လွှဲပြောင်း ပေးလိုက်ခြင်းဟာ အခြေခံ အားဖြင့် မြန်မာနိုင်ငံမှာ ရှိနေတဲ့ စစ်အာဏာရှင် အစိုးရ လက်အောက်ကနေ ရုန်းထွက်ဖို့ ကြိုးစားတဲ့ စစ်သား တစ်ယောက် ကို စစ်အာဏာရှင် စနစ်အောက် ပြန်ပို့ သလို ဖြစ်တာမို့ လူတွေမှာ ရှိတဲ့ ရှင်သန်ခွင့်ကို ရုပ်သိမ်း ပေးလိုက်သလို ဖြစ်သွားစေတဲ့ အကြောင်းနဲ့ ဘင်္ဂလားဒေ့ရှ့် အနေနဲ့ ဒီလို မလုပ်သင့် ဘူးလို့ မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီ အတွင်းရေးမှူး ဦးအောင်ထူးက ဝေဖန် ပြောဆို ပါတယ်။

R2P (Rights to Protect) ဆိုတဲ့ အယူအဆ အရ သက်ဆိုင်ရာ နိုင်ငံမှာ အစိုးရ တစ်ခုက သူ့ လူထုကို ကာကွယ် စောင့်ရှောက် နိုင်စွမ်း မရှိတော့ဘူး ဆိုရင် နိုင်ငံတကာမှာ တာဝန် ရှိ လာတာဖြစ်လို့ ဘင်္ဂလားဒေ့ရှ် မှာလည်း တာဝန်ရှိတဲ့ အကြောင်း နဲ့ ဒီလိုပြန်ပို့တာ မဖြစ်သင့်ဘူးလို့ လည်း ဦးအောင်ထူးက ပြောပါတယ်။

လွန်ခဲ့တဲ့ နှစ် လ လောက် ကလည်း မြန်မာစစ်သား နှစ်ယောက် ဘင်္ဂလားဒေ့ရှ် နိုင်ငံကို လက်နက်မဲ့ ထွက်ပြေး လာခဲ့ဖူးပြီး သူတို့ကို ဘင်္ဂလားဒေ့ရှ် အစိုးရက လိုက်လံ ဖမ်းဆီးလို့ အိန္ဒိယ နယ်စပ်ဘက် ထွက်ခွာ သွားခဲ့ကြရ ပါတယ်။