ABSDF ကို အကြမ်းဖက် အဖွဲ့အဖြစ် သတ်မှတ်ရာက ပယ်ဖျက်လိုက်ပြီ

  • 24 ဒီဇင်ဘာ 2010
Image caption အရင်တုန်းက ABSDF

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (မကဒတ) လို့ ခေါ်တဲ့ ABSDF အဖွဲ့ကို အမေရိကန် ပြည်ထောင်စု US Homeland Security Department ကနေ စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှု နောက်ပိုင်း အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့ရာ ကနေ အခုအခါ ပယ်ဖျက် လိုက်ပေးတယ်လို့ သိရပါတယ်။

ရှစ်လေးလုံး ဆန္ဒပြပွဲကြီးမှာ ဆန္ဒပြသူတွေကို လက်နက်နဲ့ သတ်ဖြတ်ခဲ့တဲ့ စစ်အစိုးရကို ငြိမ်းချမ်းစွာ တောင်းဆိုလို့ မရတော့ဘူးလို့ သိလာတာကြောင့် စစ်အစိုးရကို လက်နက်ကိုင် တိုက်ဖို့ ဆုံးဖြတ်ပြီး ABSDF အဖွဲ့ကို ဖွဲ့စည်းခဲ့တာ ဖြစ်တယ်လို့ ဥက္ကဌဟောင်း ဦးထွန်းအောင်ကျော်က ပြောပါတယ်။

ကျောင်းသား တပ်မတော်ဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အပြည့်အဝ ရရှိရေးအတွက် တိုက်ပွဲဝင်နေတာ ဖြစ်ပြီး အမေရိကန်က သတ်မှတ်ထားတဲ့ အစွန်းရောက် အဖွဲ့အစည်းတွေနဲ့ မတူညီကြောင်း ဒါကြောင့် အကြမ်းဖက်အဖွဲ့လို့ သတ်မှတ်တာဟာ လူ့အခွင့်အရေး ချိုးဖောက်တာ ဖြစ်တယ်ဆိုပြီး ကန့်ကွက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အမေရိကန်မှာ ရှိတဲ့ တခြား ဘာသာရေး အဖွဲ့အစည်းတွေ အပါအဝင် ကျန်တဲ့ လူ့အခွင့်အရေး အဖွဲ့တွေကလည်း ပါဝင် တောင်းဆို ပေးခဲ့ကြလို့ US Homeland Security Department ကနေ အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့ရာ ကနေ ပယ်ဖျက် လိုက်ပေးတယ်လို့ ထင်ကြောင်း ဦးထွန်းအောင်ကျော်က ဆိုပါတယ်။