ပြည်တွင်းမှာ ဒေါ်လာစျေး ကျ

  • 24 ဒီဇင်ဘာ 2010
Image caption ဒေါ်လာစျေးကျလို့ ပြည်ပကုန်တင်ပို့သူတွေ ထိခိုက်

မြန်မာနိုင်ငံမှာ ဒေါ်လာစျေးနဲ့ FEC စျေးတွေ ဟာ လွန်ခဲ့တဲ့ ၆ လကထက် ၁၅ ရာခိုင်နှုန်း ကျသွား တယ်လို့ ပြည်တွင်း သတင်းတွေ အရ သိရပါတယ်။

အရင်က တဒေါ်လာကို ကျပ် တထောင် ဝန်းကျင်မှာ ရှိခဲ့ရာက အခု ၉၀၀ ကျပ် ဝန်းကျင်ကို တဖြည်းဖြည်း ကျလာခဲ့တာ ဖြစ်ပါတယ်။

ဒီလို ပြည်တွင်းမှာ ဒေါ်လာစျေး ကျတာကြောင့် ဒေါ်လာ၊ FEC နဲ့ လစာ ရသူတွေ ထိခိုက် ရတယ်လို့ ဆိုပါတယ်။

နိုင်ငံတကာမှာ ဒေါ်လာစျေး ကျပြီး သက်ဆိုင်ရာ နိုင်ငံတွေရဲ့ ငွေ တန်ဘိုးတွေ မြင့်တက် လာနေတာဟာ မြန်မာနိုင်ငံမှာ ဒေါ်လာစျေး ကျနေတာရဲ့ အဓိက အကြောင်းရင်း တခု ဖြစ်တယ်လို့ ဗဟု ဖွံ့ဖြိုးရေး အဖွဲ့က စီးပွားရေး ပညာရှင် ဒေါက်တာ ဇော်ဦးက ပြောပါတယ်။

နောက်တခါ ပြည်တွင်းမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အရင်ကထက် ပိုများလာတာနဲ့ ကျောက်မျက် ရတနာပြပွဲက ရောင်းရငွေ ဒေါ်လာတွေ အများကြီး ဝင်လာတာမျိုး တွေကြောင့်လဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလို ဒေါ်လာစျေး ကျတာကြောင့် ပြည်ပ ပို့ကုန် လုပ်ငန်း လုပ်နေသူတွေ ထိခိုက်ရ တယ်လို့ သူက ပြောပါတယ်။

အဓိကအားဖြင့် တရုတ်နိုင်ငံဟာ သူတို့ရဲ့ ယွမ်ငွေတန်ဘိုးကို တမင် လျော့ထား တာကြောင့် တရုတ်နိုင်ငံကို ကုန်ပစ္စည်း တင်ပို့နေကြတဲ့ မြန်မာ ကုန်သည်တွေ နှစ်ခါ နစ်နာကြ ရတယ်လို့ ဒေါက်တာ ဇော်ဦးက သုံးသပ် ပါတယ်။