အချိန်ခါမဟုတ်မိုးကြောင့် ဆန်စပါး ပျက်စီး

  • 24 ဒီဇင်ဘာ 2010
farmers
Image caption အချိန်အခါ မဟုတ် မိုးကြောင့် စပါး ပျက်စီး။

ပဲခူးတိုင်း ညောင်လေးပင် မြို့နယ်မှာ အချိန်အခါမဟုတ် မိုးရွာ သွန်းမှုကြောင့် စပါးတွေ ပျက်စီးခဲ့ပါတယ်။

ရိတ်သိမ်းပြီး စပါးတွေရော မရိတ်သိမ်း ရသေးတဲ့ စပါးတွေရော မိုးကြောင့် ပျက်စီးခဲ့ ကြရတယ်လို့ ပဲခူးတိုင်းက လယ်သမား တယောက်က ပြောပြပါတယ်။

စပါးတွေ ပျက်စီးမှု ကြောင့် ဆုံးရှုံးမှု အများ အပြား ဖြစ်ပေါ်ပြီး စီးပွားရေး မပြေလည်တဲ့ အတွက် ပေးဆပ်စရာ ရှိတဲ့ ချေးငွေတွေကို ဆိုင်းငံ့ပေးဖို့ လယ်သမား အယောက် ၄၀ ကျော်က လက်မှတ်ရေးထိုးပြီး မြို့နယ် စိုက်ပျိုးရေးဌာနကို စာရေးသား ပန်ကြားခဲ့ပါတယ်။

အဓိက ပေးဆပ်စရာ ရှိတဲ့ ချေးငွေတွေက ဓါတ်မြေသြဇာ ဝယ်ယူဖို့ ချေးယူထားတဲ့ငွေ၊ အမတော်ကြေး ချေးငွေနဲ့ ပုဂ္ဂလိက ကုမ္ပဏီဆီက ချေးယူငွေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီနှစ်မှာ စပါးစျေး အနည်းငယ် တက်ပေမယ့် စပါးတွေ ပျက်စီးရတဲ့ အတွက် ချေးငွေကို သတ်မှတ်ချိန်မှာ ပြန်မဆပ်နိုင်ဘဲ အခက်ခဲ ကြုံတွေ့ နေကြရတာ ဖြစ်တယ်လို့ လယ်သမား တယောက်က ဘီဘီစီကို ပြောပြပါတယ်။