စစ်တပ်စပါးကြောင့် ပဲတောင်သူ ဒုက္ခဖြစ်

  • 25 ဒီဇင်ဘာ 2010
လယ်သမားတွေမိုးစပါးပြီးရင်နွေစပါးစိုက်ရ
Image caption လယ်သမားတွေမိုးစပါးပြီးရင်နွေစပါးစိုက်ရ

ပဲခူးတိုင်းအင်းမအခြေချ တပ်မ(၆၆)က ခမရ(၄)ရဲ့ နွေစပါးစိုက်ကွင်းကြောင့် ကြို့ပင်ကောက်မြို့နယ် တူး မြောင်း ကျေးရွာအုပ်စုက မတ်ပဲဧက (၄ဝဝ)ဟာ ရေမြှုပ် ပျက်စီးတော့မယ်လို့ မတ်ပဲစိုက်ပျိုးထားတဲ့ လယ် သမားတွေ ကပြောပါတယ်၊၊

ပဲခူးတိုင်း အနောက်ခြမ်းက ကြို့ပင်ကောက်မြို့နယ် သရက်ကုန်းကျေးရွာ အုပ်စုမှာ စိုက်ထားတဲ့ ခမရ(၄)ရဲ့ နွေ စပါးဧက(၂ဝ)အတွက် ဘော်ပင်ဆည်ကနေ ရေလွှတ်ရာမှာ မြေနိမ့်ပိုင်းမှာရှိတဲ့ မတ်ပဲဧက(၄ဝဝ)ကို ရေ လွှမ်းတော့မှာ ဖြစ်တဲ့အတွက် မတ်ပဲခင်းတွေ ပျက်စီးတော့မှာပါ၊၊ ဒါကိုမြို့နယ်မယကဆီ တင်ပြသော်လည်း အရေးယူ မပေးဘူးလို့ လယ်သမားတဦးက ဘီဘီစီကိုပြောပါတယ်။

မတ်ပဲခင်းတွေနဲ့ လွတ်တဲ့နေရာမှာ နွေစပါးစိုက်လို့ရတဲ့ နေရာရှိပါတယ်၊၊ ဒါပေမဲ့ အဲဒီနေရာဟာ ယရကတွေရဲ့ မြေ နေရာ ဖြစ်နေပါတယ်၊၊ ဒါကြောင့် ဘော်ပင်ဆည်ပိတ် တဲ့နေရာ ဟာလည်း လယ်သမားတွေရဲ့ မတ်ပဲခင်းတွေ စိုက်တဲ့နေရာမှာ ဖြစ်သွားတယ် လို့ဆိုပါတယ်၊၊

လယ်သမားတွေကတော့ မိုးစပါးပြီးရင် မတ်ပဲကိုစိုက်ချင်ကြပါတယ်၊၊ ဒါပေမဲ့ အာဏာပိုင်တွေကတော့ နွေစပါး ကိုပေးစိုက်ချင်နေကြတာပါ၊၊ ဒီနှစ်မှာကလည်း အချိန်အခါမဟုတ်တဲ့ မိုးတွေက ရွာလိုက်တဲ့အတွက် မတ်ပဲစိုက် ချိန်နောက်ကျသွားပြီး နွေစပါးစိုက်ချိန်နဲ့ တိုက်ဆိုင်သွားတာ ဖြစ်တယ်လို့ လယ်သမားတွေ ထံကသိရပါတယ်။