အများအကျိုးသယ်ပိုးကြဖို့ ဥက္ကဌဦးကျော်သူပြော

  • 25 ဒီဇင်ဘာ 2010

လာမယ့်နှစ်သစ် ၂၀၁၁ အတွင်းမှာ လူမှုရေးသမားတွေ၊ အစိုးရမဟုတ်သော အသင်းအဖွဲ့ NGO မှာ လုပ်ကိုင်သူတွေ ကိုယ့်စိတ်နှလုံး ချမ်းမြေ့စွာနဲ့ အတိုက်အခိုက် အနှောင့်အယှက် ကင်းရှင်းစွာ လုပ်ကိုင် နိုင်ကြစေဖို့၊ အခုထက်မက လူမှုရေး လုပ်ငန်းတွေ လုပ်ကိုင်ကြဖို့ ရုပ်ရှင်သရုပ်ဆောင် ကျော်သူက ဆန္ဒပြု ပြောကြား ပါတယ်။

Image caption လူငယ်တွေရော၊ လူကြီးတွေကိုပါ အင်္ဂလိပ်စာ သင်ကြားပေးမယ်လို့ ဦးကျော်သူက ဆိုတယ်

၂၀၁၁ ခုနှစ် အတွင်းမှာ နာရေးကူညီမှုအသင်း ရန်ကုန်က ဖွင့်လှစ်ထားတဲ့ သုခဆေးခန်းကို လာပြသူ လူနာတွေကို မျက်စိပါ ခွဲပေးနိုင်ဖို့ လုပ်ကိုင်နေတယ်လို့ နာရေးကူညီမှုအသင်း ရန်ကုန်ရဲ့ ဥက္ကဌလည်းဖြစ်သူ ဦးကျော်သူက ပြောပါတယ်။

ရုပ်ရှင်ပိတ်ကားပေါ် မရောက်နိုင်တော့ပေမယ့် လူအများကြားမှာရှိနေပြီး လူမှုရေး ဝန်ဆောင်မှုတွေ ဖေးမမှုတွေ ပေးနေနိုင်တာမို့ အဲဒါကို ကျေးဇူးတင်ပါတယ်လို့ဆိုပြီး သူ့ပရိသတ်ဟောင်းတွေ အနေနဲ့လည်း ကျေနပ်ကြပါလို့ နိုင်ငံကျော် ရုပ်ရှင်မင်းသားက ပြောပါတယ်။

ခရစ်ယာန်ဘာသာဝင် နိုင်ငံကျော် အဆိုတော် ဖြူဖြူကျော်သိန်းကလည်း ပရိသတ် အယောက်တိုင်းကို ဆုတောင်းပေးတယ်၊ ဘုရားသခင် ကောင်းချီးပေးဖို့၊ ဘေးအန္တရာယ် ကင်းဖို့ ဆုတောင်းပါတယ်လို့ ဘီဘီစီကို ပြောပါတယ်။

လူမှုရေးလုပ်ငန်းအနေနဲ့တော့ သူနိုင်တဲ့ဘက်က ငွေအား၊ လူအားနဲ့ ပါဝင်ကူညီဖြစ်တယ်၊ ၂၀၁၁ နှစ်သစ်မှာလည်း အဲဒီလိုပဲ ဆက်လက် လုပ်ကိုင်သွားမယ်လို့ အဆိုတော်က ပြောပါတယ်။