ဒေါ်အောင်ဆန်းစုကြည် နဲ့ လူငယ်တွေ တွေ့ဆုံပွဲ

  • 28 ဒီဇင်ဘာ 2010
dassk_youth
Image caption လူငယ်တွေရဲ့ အမြင်တွေ ကို သိချင် တယ် လို့ ဒေါ်အောင်ဆန်း စုကြည် ကပြော

မြန်မာ့ ဒီမိုကရေစီရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ လူငယ်တွေနဲ့ တွေ့ဆုံ ဆွေးနွေးပွဲ တခု ကို အန်အယ်ဒီ ရုံးချုပ်မှာ အင်္ဂါနေ့ က ကျင်းပ ပြုလုပ်ခဲ့ပြီး တက်ရောက် လာတဲ့ လူငယ် ပေါင်း ၃၀၀ ကျော် နဲ့ တွေ့ဆုံ စကားပြော ခဲ့ပါတယ်။

အခု လူငယ် တွေဟာ အန်အယ်ဒီ အဖွဲ့ဝင် တွေ မဟုတ်ပဲ မြန်မာနိုင်ငံ တွင်း က လူမှုရေး ဒါမှမဟုတ် နိုင်ငံရေး လုပ်ဆောင် နေကြတဲ့ အဖွဲ့ အစည်း တွေက လူငယ် တွေ ဖြစ်ပါတယ်။

လူငယ် တွေက ပညာရေးကျန်းမာရေး စတဲ့ လူမှုရေးဆိုင်ရာ အခြေအနေ တွေ ကို တင်ပြ ပြောဆိုတာတွေ အပြင် နိုင်ငံရေး အတွက် ဘယ်လို ပူးပေါင်း ဆောင်ရွက် နိုင်မလဲ ဆိုတဲ့ အမေးတွေ ကို လည်း ဒေါ်အောင်ဆန်းစုကြည် ကို မေးမြန်းကြတဲ့ အကြောင်း အဲဒီ အခမ်း အနား ကို တက်ရောက် ခဲ့တဲ့ ၂၀၀၇ မျိုးဆက်ကျောင်းသား သမဂ္ဂ က ကိုမင်းသွေးသစ် က ဘီဘီစီ ကို ပြောပါတယ်။

လူငယ် တွေ နဲ့ ဒေါ်အောင်ဆန်းစုကြည် အကြား အန်အယ်ဒီ ကို ဆုံရပ်ပြုပြီး ဆက်သွယ်ရေး ကွန်ယက် တည်ဆောက်နိုင် ဖို့လည်း အခု သူတို့ တွေ့ဆုံပွဲမှာ ဆွေးနွေး ခဲ့ကြကြောင်း သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် က အခု နိုင်ငံရေး လူမှုရေး စီးပွားရေး ကိစ္စတွေနဲ့ ပတ်သက်ပြီး ပြောကြတဲ့ လူငယ် တွေရဲ့ ဆွေးနွေးမှု တွေဟာ မှန်းဆ ထားတာ ထက် ပိုမို ကောင်းမွန် တဲ့ အတွက် သူ့ အနေနဲ့ အံ့သြ ဝမ်းသာတာ ကို လည်း လူငယ်တွေ ကို ပြောကြား ခဲ့ပါတယ်။

လူငယ်တွေ အနေနဲ့ စုစည်းညီညွတ်ရေး အပေါ် အမြင်ကွဲလွဲ တာမျိုး တွေ မတွေ့ ရ ပဲ ရှေ့မှာ ပူးပေါင်း လုပ်ဆောင် နိုင်မယ့် လမ်းစ ကိုအခု တွေ့ဆုံ ဆွေးနွေးပွဲ က တဆင့် မြင်လိုက် ရတဲ့ အားရ ကျေနပ် မိတယ် လို့ ကိုမင်းသွေးသစ် က ပြောပါတယ်။