စီးပွားရေးပိတ်ဆို့မှု ပယ်ရေးတောင်းဆို

  • 28 ဒီဇင်ဘာ 2010
ရွေးကောက်ပွဲမဲလိမ်မှုရှိပေမဲ့ UDP ကလွှတ်တော်တွင်းနိုင်ငံရေးလိုလား
Image caption ရွေးကောက်ပွဲ မဲလိမ်မှု ရှိပေမဲ့ UDP ကလွှတ်တော်တွင်း နိုင်ငံရေး လိုလား

ပြည်ထောင်စု ဒီမိုကရေစီပါတီ UDP က နှစ်သစ်ကူးသဝဏ်လွှာအဖြစ် ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ မြန်မာ စစ်အစိုးရအပေါ် စီးပွါးရေးပိတ်ဆို့ထားမှုကို ရုပ်သိမ်းပေးဖို့ တောင်းဆိုထားတဲ့ အချက်လည်း ပါဝင်နေတာ တွေ့ရပါတယ်။

စီးပွါးရေး ပိတ်ဆို့မှုဟာ မြန်မာပြည်သူတွေကို ထိခိုက်နစ်နာသည်ဖြစ်ပါစေ စစ်တပ် ခေါင်းဆောင်တွေကိုပဲ ထိခိုက်နစ်နာသည် ဖြစ်ပါစေ တကယ်တော့ ဒါဟာ မြန်မာပြည်ရဲ့ ဒီမိုကရေစီ ဖြစ်ပေါ်ပြောင်းလဲရေးကို အထောက်အကူမဖြစ်စေနိုင်လို့ ရုပ်သိမ်းသင့်တယ်လို့ တောင်းဆိုတာဖြစ်ကြောင်း UDP ဥက္ကဌ ဦးသိန်းတင်အောင်က ဘီဘီစီကို ပြောပါတယ်။

စစ်အစိုးရကို စီးပွါးရေးပိတ်ဆို့မှုနဲ့ ဖိအားပေးမှ နိုင်ငံရေးအကျဉ်းသား တွေလွှတ်ပေးရေးနဲ့ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးကို ရှေ့ရူလာမှာဖြစ်တယ်လို့ ပြောခဲ့ကြပေမယ့် အခုတော့ နှစ်ပေါင်း ၂၀ ရှိလာခဲ့သည့်တိုင် မအောင်မြင်တာသာ တွေ့ရပြီး နိုင်ငံတကာ ရင်းနီးမြှုပ်နှံမှုတွေ ပြန်ရုပ်သိမ်းသွားလို့ အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်ပြီး ပြည်သူတွေသာ ထိခိုက်နစ်နာခဲ့ ပါတယ်လို့ ဦးသိန်းတင်အောင်က ပြောပါတယ်။

မိမိတို့အနေနဲ့ တဖက်နဲ့တဖက် ယုံကြည်မှုတည်ဆောက်ရမယ် ဆိုရင် နှစ်ဖက်စလုံးက ဘယ်သူမှ မရှုံးဘူး ဘယ်သူမှ မနိုင်ဘူးဆိုတဲ့ ပုံစံမျိုးသွားရမှာဖြစ်လို့ ဘယ်သူမှ မနာစေတဲ့နည်းအရ စီးပွါးရေးပိတ်ဆို့မှုကို ကန့်ကွက်ရတာ ဖြစ်တဲ့အကြောင်း ဒီလိုနည်းနဲ့သွားမှသာ သင့်မြတ်ရေး တွေ့ဆုံဆွေးနွေးရေး ပူးပေါင်းဆောင်ရွက်ရေးတို့ ဖြစ်လာနိုင်မှာ ဖြစ်တယ်လို့ ဦးသိန်းတင်အောင်က ပြောပါတယ်။