မဲမသမာမှု နေပြည်တော် ကော်မရှင်တရားရုံးက စတင်ကြားနာ

  • 29 ဒီဇင်ဘာ 2010

မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ် အမှတ် ၂ မဲဆန္ဒနယ်မြေမှာ အနိုင်ရခဲ့တဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာ)က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်တင်မာကို မဲဝယ်မှု၊ မဲရုံမှူးတွေနဲ့ ပူးပေါင်းပြီး ပြိုင်ဘက် အမတ်လောင်းရဲ့ မဲတွေကို ပယ်မဲဖြစ်အောင် လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သူ့ရဲ့ပြိုင်ဘက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အမတ်လောင်း ဦးမြဝင်းက တရားစွဲဆိုထားတာကို နေပြည်တော် ရွေးကောက်ပွဲကော်မရှင်တရားရုံးမှာ ဒီဇင်ဘာလ ၂၉ ရက်နေ့ စတင်ကြားနာ စစ်ဆေးခဲ့ပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး စွဲချက်တွေကို ပြန်ဖတ်ပြီး ဒေါ်တင်တင်မာက ထုချေလျှောက်လဲခဲ့ပါတယ်၊ မပြီးပြတ်တဲ့အတွက် လာမဲ့ ဒီဇင်ဘာလ ၃၁ရက်နေ့ကို ထပ်ပြီး ရုံးချိန်းပေးလိုက်တယ်လို့ ဒီမိုကရက်တစ်ပါတီ (မြန်မာ)ရဲ့ အထွေထွေ အတွင်းရေးမှူးချုပ် ဒေါ်သန်းသန်းနုက ဘီဘီစီကို ပြောပါတယ်။

ပဲခူးတိုင်း ဇီးကုန်းမြို့နယ်မှာ ဝင်ရောက် အရွေးခံခဲ့တဲ့ ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဒေါ်ချိုချိုကျော်ငြိမ်းကလည်း သူ့ရဲ့ပြိုင်ဘက် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ ကိုယ်စားလှယ်လောင်းကို တရားစွဲဆိုထားတာ ရှိပါတယ်။

တခြား ပါတီတွေကလည်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အမတ်လောင်းတွေကို တရားစွဲဆိုဖို့ ပြင်ဆင်နေကြတာ တွေလည်း ရှိပါတယ်။

ဒီလိုတရားစွဲဆိုရာမှာ အမတ်လောင်းတဦးဦးက ရွေးကောက်ပွဲကော်မရှင်နဲ့ အပေးအယူလုပ် ပူးပေါင်းပြီး မဲမသမာမှု ပြုလုပ်ခဲ့သည့်တိုင် မကျေနပ်သူက တရားစွဲဆိုတဲ့အခါ အမတ်လောင်းကိုသာ တရားစွဲဆိုပို်ခွင့်ပြုပြီး ကော်မရှင်ကိုတော့ တရားစွဲဆိုပိုင်ခွင့်ပေးမထားတဲ့အကြောင်း ဥပဒေကျွမ်းကျင်သူ ရှေ့နေကြီး ဦးအောင်သိန်းက ဘီဘီစီကို ပြောပါတယ်။