နေပြည်တော် မန္တလေးလမ်းဖွင့်

  • 29 ဒီဇင်ဘာ 2010
နေပြည်တော် ဇမ္ဗူသိရိမြို့သစ်
Image caption နေပြည်တော် ဇမ္ဗူသိရိမြို့သစ်

ရန်ကုန် မန္တလေး အဝေးပြေး လမ်းမကြီးရဲ့ တစိတ်တပိုင်းဖြစ်တဲ့ ရန်ကုန်နေပြည်တော် လမ်းပိုင်းကို ၂၀၀၉ မတ်လက ဖွင့်ခဲ့ပြီးတော့ ၂၀၁၀ အောက်တိုဘာလမှာ ကျန်တဲ့ လမ်းပိုင်းဖြစ်တဲ့ နေပြည်တော် မန္တလေးလမ်းပိုင်းကို ဖွင့်ဖို့စီစဉ်ခဲ့ပေမယ့် မိုးရေတိုက်စားလို့ မပြီးပြတ်ခဲ့တာကြောင့် မဖွင့်နိုင်ခဲ့ပဲ ဒီကနေ့မှာတော့ ဖွင့်လှစ် ပေးလိုက်ပါတယ်။

ဒီလမ်းဖွင့်ပွဲကို မန္တလေးဘက်ခြမ်းက တံတားဦးမြို့ လေယာဉ်ကွင်းနားကနေဖွင့်မှာမို့ တံတားဦး ဒေသခံတွေကို တအိမ်တယောက် ဖွင့်ပွဲကိုမတက်မနေရ မတက်ရင် ဒဏ်တပ်မယ့်အကြောင်း ခြိမ်းခြောက်ဆင့်ခေါ်ခဲ့တယ်လို့ ဒေသခံတယောက်က ဘီဘီစီကိုပြောပြပါတယ်။

အဲ့ဒီလူတွေက ဗြုန်းစားကြီး လိုက်ရမယ်ဆိုတော့ မလိုက်ချင်ကြဘူး အလုပ်ပျက်မခံနိုင်ကျတော့ ဒဏ်ငွေဆောင်ရင်ဆောင် မဆောင်ရင် လက်မှတ်ထိုး ဘာညာနဲ့ အဲ့လိုပြောပြီးတော့ ခြိမ်းခြောက်တယ်လို့အဲဒီဒေသခံက ပြောပြပါတယ်။

အစိုးရရဲ့ ဒီနေ့ထုတ်မြန်မာ့အလင်း သတင်းစာမှာတော့ အရင်လမ်းဟောင်းဟာ ၄၁၂ မိုင်ရှိပြီး အခုလမ်းသစ်ဟာ ၃၅၂ မိုင်ပဲရှည်တဲ့အပြင် လမ်းတလျှောက်မှာရှိတဲ့ မြို့တွေကို ရှောင်ကွင်းဖေါက်ထားတာကြောင့် အဝေးပြေးလမ်းအင်္ဂါရပ်နဲ့ညီတဲ့အတွက် အရင် ၁၄ နာရီမောင်းရတဲ့လမ်းကို ၇ နာရီနဲ့ ရောက်မယ်လို့ ရေးထားပါတယ်။ ရန်ကုန်နဲ့ မန္တလေးကို နေ့စဉ်ပြေးဆွဲနေတအဝေး ပြေးခရီးသည်တင်ကားမောင်းတဲ့သူတယောက်ကတော့ ၇နာရီနဲ့ရောက်အောင် မောင်းလို့ရပေမယ့် တနာရီ မိုင်၆၀နှုန်း အထက် ကျော်အောင်မောင်းရတာကြောင့် အန္တရယ်ရှိမယ့်အကြောင်းနဲ့ လမ်းသစ်ရဲ့ အားနည်းချက် အားသာချက်တွေအကြောင်း ဘီဘီစီကို ပြောပြပါတယ်။

ဒီနေ့ထုတ်အစိုးရထုတ်သတင်းစာမှာ ၈လမ်းသွား လမ်းမကြီးလို့ ရေးထားပေမယ့် အခုလတ်တလောမှာတော့ အားလုံးအသုံးပြုလို့မရသေးပဲ တဖက်ကို ၂လမ်းဆီပဲ သွားလို့ရသေးတယ်လို့သိရပါတယ်။