၅၀၀၀ တန် အတု သိန်းပေါင်းများစွာ ထိုင်းနယ်စပ်မှာမိ

  • 30 ဒီဇင်ဘာ 2010
burmese_note
Image caption ငွေဖောင်းပွ နေတဲ့ ပြဿနာ အပြင် ငွေတု ပြဿနာ က တိုးလာ

မြန်မာငွေ ကျပ် ၅၀၀၀ တန် အတုတွေ ကို ထိုင်းမြန်မာ နယ်စပ် ဒေသ ထိုင်းနိုင်ငံ တာခ် ခရိုင် တွင်းက မဲ့လ ဒုက္ခသည် စခန်း မှာ ဒီဇင်ဘာလ ၁၈ ရက်နေ့ က ဖမ်းမိ ခဲ့ ပါတယ်။

မဲလ ဒုက္ခသည် စခန်းမှာ မြန်မာငွေ ကျပ် ၅၀၀၀ တန် အတုတွေ နဲ့ အဖမ်းဆီးခံရသူ ဟာ ကရင် ပြည်နယ်၊လှိုင်းဘွဲ မြို့နယ် ရွှေဂွန်း ရွာသား စောဖါးဝါး ဆိုသူ ဖြစ် ပါတယ်။

သူဟာ ၅၀၀၀ ကျပ်တန် အတု သိန်း ၅၀ ကို မြန်မာပြည် တွင်း က ယူလာခဲ့ပြီး သိန်း ၂၀ ကို အခု ဒုက္ခသည် စခန်းပြင်ပ က နေရာ တွေမှာ မှာ ထိုင်း ဘတ်ငွေ နဲ့ လဲခဲ့ပြီး ကျန်သေးတဲ့ သိန်း ၃၀ ကို ဒီ မဲလ စခန်းမှာ လိုက်လဲ နေစဉ် စခန်း အာဏာပိုင် တွေက ဖမ်းဆီး ခဲ့တာပါ။

ထိုင်းငွေနဲ့ လဲ မိတဲ့ စခန်းတွင်း နေ လူတဦး က မသင်္ကာလို့ ရခဲ့တဲ့ ၅၀၀၀ ကျပ် တန် တခု ကို ရေစိမ်ကြည့် လို့ ခဏကြာမှာ ပုံနှိပ်ဆေးသား တွေ ပျက်သွားတာ ကို တွေ့ပြီးတဲ့ နောက်ပိုင်း စခန်း အာဏာပိုင် တွေ ကို အကြောင်းကြား ခဲ့တာပါ။

မြန်မာ ငွေတုတွေ နဲ့ ဖမ်းမိထားတဲ့ စောဖါးဝါးကို ထိုင်း နိုင်ငံ ဥပဒေအရ ဆက်လက် အရေး ယူဖို့ အတွက် မဲ့လ ဒုက္ခသည် စခန်း တာဝန်ခံ က ထိုင်းနိုင်ငံ ထာ့ဆောင်းယန် မြို့နယ် ရဲတပ်ဖွဲ့ကို လွှဲပေး လိုက်ပြီ လို့ ပြောပါတယ်။