ဒေါ်စုဟာ မြန်မာ့ မီးရှူးတန်ဆောင်

  • 30 ဒီဇင်ဘာ 2010

အမျိုးသားရင်ကြားစေ့ရေးအတွက် မှန်ကန်တဲ့ ချဉ်းကပ်မှု၊ ထိပ်တိုက်ရင်ဆိုင်မှု မရှိတဲ့ အားပြိုင်နိုင်ငံရေးခွင်ထဲက မဟုတ်တဲ့ ပူးပေါင်းဆောင်ရွက်ရေး၊ ဖွံဖြိုး တိုးတက်ရေး ဆောင်ရွက်ဖို့ လမ်းကြောင်းပေါ်လာရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှု နောက်ကို လိုက်ပါဖို့ အဆင်သင့် ရှိပါတယ်လို့ NDF ပါတီ ခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောပါတယ်။

Image caption NDF ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေ ပြောတဲ့ မြန်မာ့မီးရှူးတန်ဆောင် ဒေါ်စု

ဒေါ်အောင်ဆန်းစုကြည်နဲ့ NDF ပါတီ ခေါင်းဆောင်တွေဖြစ်ကြတဲ့ ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်းနဲ့ ဒေါက်တာဝင်းနိုင်တို့ဟာ ဒီကနေ့ NLD ပါတီ ဒုတိယ ဥက္ကဌ ဦးတင်ဦး အိမ်မှာ တနာရီလောက် တွေ့ဆုံခဲ့ကြပါတယ်။

ပုဂ္ဂိုလ်ရေးတွေ့ဆုံမှုသက်သက်ဖြစ်ပြီး နိုင်ငံရေးနဲ့ပတ်သက်ပြီး ဆွေးနွေးတာတွေ မရှိခဲ့ဘူးလို့ ဦးခင်မောင်ဆွေက ဘီဘီစီကို ပြောပါတယ်။

သူကိုယ်တိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည်မတွေ့တာ ၂၁ နှစ်ကျော်ခဲ့ပြီဖြစ်ကြောင်းနဲ့ မိသားစုရေး၊ ကျန်းမာရေး၊ လူမှုရေး စသဖြင့် ဒေါ်စု မေးမြန်းတာတွေကို ဖြေကြားခဲ့တယ်၊ ခင်မင် ဝမ်းမြောက် လှိုက်လှဲစွာ စကားတွေ ပြောခဲ့ကြတယ်လို့ ဦးခင်မောင်ဆွေက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဖြစ်သလို မြန်မာ့မီးရှူး တန်ဆောင်လည်း ဖြစ်တယ်၊ ဒေါ်စုနဲ့ လက်တွဲဆောင်ရွက်ဖို့ အခြေအနေ၊ အချိန်အခါ ပေးရင် ဆောင်ရွက်ကြမယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထပ်တွေ့ဖို့လိုရင်လည်း ထပ်တွေ့ဆုံမယ်လို့ သူက ပြောပါတယ်။