မြန်မာစစ်သား ပြည်ကျော်သွား

  • 31 ဒီဇင်ဘာ 2010

ဘင်္ဂလားဒေ့ချ် နယ်စပ်ဘက်ကို တပ်ကြပ် အဆင့်ရှိတဲ့ မြန်မာစစ်သား တစ်ယောက် လက်နက်နဲ့ ဝင်သွားပြီးတဲ့နောက် ဘင်္ဂလားဒေ့ချ်က အဲဒီစစ်သားကို ဖမ်းဆီးထားလို့ မြန်မာစစ်တပ်က စစ်သားအရေအတွက် ၄၀ လောက်ဟာ ဘင်္ဂလားဒေ့ချ် ပိုင်နက်ထဲ ဝင်ရောက် နေရာယူထား ပါတယ်။

Image caption အရင်လို မပြေလည်တော့တဲ့ မြန်မာစစ်တပ်ရဲ့ အောက်ခြေ အကြပ်တပ်သားများ

ဗမာစစ်တပ် နေရာယူထားတဲ့နေရာက နယ်စပ် ကျောက်တိုင်နဲ့ ငါးမိုင်လောက်အကွာ ဘင်္ဂလားဒေ့ချ် ပိုင်နက်ထဲ က အာမီကန်လို့ ခေါ်တဲ့နေရာမှာ ရှိနေတယ်လို့ အဲဒီဒေသကို ရောက်နေတဲ့ လူမှုကယ်ဆယ်ရေး လုပ်ငန်း လုပ်နေသူ ကိုစိုးလင်းက ပြောပါတယ်။

အခု ဖမ်းဆီးခံရတဲ့ စစ်သားဟာ ဘူးသီးတောင်မြို့နယ် မြောက်ပိုင်းမှာ ခြံစည်းရိုး ကာနေတဲ့ တပ်ဖွဲ့ထဲက တယောက် ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ချ် စစ်တပ်က သူ့ကို ဂျီဖိုး သေနတ် တစ်လက် ကျည်ဆံတချို့နဲ့ အတူ ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။

မြန်မာစစ်တပ်ဟာ ဘူးသီးဝကျေးရွာ အနီးကို ရောက်လာပြီး အဖမ်းခံရတဲ့ စစ်သားနဲ့ ပတ်သက်ပြီး ရွာသားတွေကို အစည်းအဝေး ခေါ်ထားပါတယ်။

အဖမ်းခံရတဲ့ မြန်မာစစ်သားကို စစ်ဆေးဖို့ အတွက် ဘင်္ဂလားဒေ့ချ် အာဏာပိုင်တွေက ဒက္ကားမြို့ကို ခေါ်သွားပါတယ်။

လွန်ခဲ့တဲ့ တပါတ်ကျော်ကလည်း မြန်မာစစ်သားတစ်ဦး ဘင်္ဂလားဒေ့ချ်နိုင်ငံထဲ လက်နက်နဲ့ တကွ ဝင်ရောက်လာလို့ သူ့ကို ဘင်္ဂလားဒေ့ချ်က ဖမ်းဆီးပြီး မြန်မာအာဏာပိုင်တွေကို ပြန်လည် လွှဲပြောင်းပေးခဲ့ ပါတယ်။