ဘင်္ဂလားဒေ့ရှ်ကို မြန်မာက ကန့်ကွက်

  • 1 ဇန်နဝါရီ 2011

ဘင်္ဂလားဒေ့ရှ်က နိုင်ငံပိုင် ပက်ထရို ဘင်းဂလား ကုမ္ပဏီနဲ့ အမေရိကန်နိုင်ငံက ကိုနိုကို ဖိလိစ်တို့ ပူးတွဲ ဓါတ်ငွေ့ ရှာဖွေရေး သဘောတူ စာအချုပ် လက်မှတ်ထိုးဖို့ လုပ်လာတာကို မြန်မာဘက်က မကြာမီကပဲ ကန့်ကွက်ခဲ့ပါတယ်။

Image caption အငြင်းပွားနေတဲ့ ရေပိုင်နက်ထဲမှာ အခုလို အရင်းအမြစ်တွေရှာတာဟာ ပြဿနာဖြစ်စေ

အခုလိုအငြင်းပွါးနေတဲ့ ရေပြင်ပိုင်နက်မှာ ပူးတွဲ ဓါတ်ငွေ့ ရှာဖွေဖို့ ဆိုပြီး ၂၀၀၈ ခုနှစ်ကတည်းက သဘောတူစာချုပ် လက်မှတ် ရေးထိုး ခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာဘက်က ကန့်ကွက်ခဲ့လို့ ၂ နှစ်ကျော် ကာလအထိ အကောင်အထည် မဖေါ်နိုင်ခဲ့ဘဲ အခု ပြန်လည် စတင်လိုတဲ့ သဘောရှိတာမို့ မြန်မာဘက်က ထပ်ပြီး ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။

အိန္ဒိယ ပင်လယ်အော်မှာ ရှိတဲ့ ဓါတ်ငွေ့သိုက်တွေကို အိန္ဒိယ၊ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံ စလုံးက လိုချင်ကြပါတယ်။ ဘင်္ဂလားဒေ့ချ်နဲ့ မြန်မာ အခုလို အငြင်းပွါး နေစဉ်မှာပဲ အမေရိကန်နဲ့ တရုတ်ကလည်း ပါဝင် ပတ်သက် လာတာ ရှိသလို ဘင်္ဂလားဒေ့ချ် ကလည်း ရုရှားက ကုမ္ပဏီ တွေကို ဖိတ်ခေါ် တာတွေလည်း ရှိပါတယ်။

ဒီလို အခြေအနေ တွေကြောင့် အိမ်နီးချင်းနိုင်ငံတွေ ကြားမှာ ပြေလည်အောင် မဖြေရှင်း နိုင်ဘူး ဆိုရင် အင်အားကြီး နိုင်ငံတွေပါ ဒီပြဿနာ အတွင်း ပါဝင် လာနိုင်ပြီး ဓါတ်ငွေ့လုပွဲကြီး အဖြစ် ရောက်လာပြီး အခြေအနေတွေ ပိုမို ရှုပ်ထွေး လာနိုင်စရာ ရှိတယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။