ကျန်းမာရေးအသုံးစရိတ် မြန်မာအနည်းဆုံး

  • 3 ဇန်နဝါရီ 2011
medicines
Image caption မြန်မာနိုင်ငံက ကျန်းမာရေးစောင့်ရှောက်မှု နိမ့်ကျနေ

မြန်မာနိုင်ငံမှာ ကျန်းမာရေး စောင့်ရှောက်မှုအတွက် အသုံးစားရိတ်ဟာ ဒေသတွင်းနိုင်ငံတွေထဲမှာ အနိမ့် ဆုံးဖြစ်ပြီး၊ အာဖရိကတိုက်က ဆဟာရတောင်ပိုင်း နိုင်ငံတွေက အခြေအနေလို ဖြစ်နေပြီလို့ သြစတြေလျနိုင်ငံ မက်ကွာရီတက္ကသိုလ်က မြန်မာ့အရေးသုတေသီတဦးက ပြောလိုက်ပါတယ်။

မက်ကွာရီတက္ကသလိုလ်က မြန်မာ့အရေး လေ့လာသူ စီးပွားရေးပညာရှင် ဒေါက်တာ Sean Turnell က WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အင်တာနက်စာမျက်နှာတခုမှာ ဖော်ပြထားတဲ့မြန်မာအစိုးရရဲ့ တရားဝင်စာရင်းဇယားကို ကိုးကားပြီး ပြောပါတယ်။

အဲဒီစာရင်းဇယားအရ ၂၀၀၈၊ ၂၀၀၉ ဘဏ္ဍာရေးနှစ်အတွက် မြန်မာ့ကျန်းမာရေး အသုံးစားရိတ်ဟာ ကျပ်သန်းပေါင်း ၅ သောင်းကျော် ရှိတယ်လို့ဖော်ပြထားပါတယ်။

ဒီပမာဏဟာအမြင်အားဖြင့် များတယ်လို့ထင်ရပေမယ့် ဒေါ်လာငွေနဲ့ တွက်ရင် ၅၁ သန်းလောက်ဘဲရှိတာမို့ အစိုးရခန့်မှန်းချက်အရ လူဦးရေ ၅၈ သန်းလောက်ရှိနေတဲ့ မြန်မာနိုင်ငံမှာ လူတဦးအတွက် တနှစ် ကျန်းမာရေးစားရိတ်ဟာ တဒေါ်လာတောင်မရှိဘူးလို့ Dr. Sean Turnell က ထောက်ပြပါတယ်။

Image caption စီးပွားရေးပညာရှင် Dr Sean Turnell

လတ်တလော သဘာဝဓါတ်ငွေ့ကနေ ရောင်းရငွေ ဒေါ်လာသန်း ၃၀၀၀ လောက် ရနေပြီး၊ ဒီနှစ်ကုန်ဆိုရင် သန်း ၅၀၀၀ ဝန်းကျင်အထိ ဝင်ငွေတိုး လာမယ့် မြန်မာ နိုင်ငံအနေနဲ့ ဒီလိုမျိုး မဖြစ်သင့်ဘူးလို့ သူကဆိုပါတယ်။

ဒေသတွင်းမှာ ဖွံ့ဖြိုးမှုနည်းတဲ့ ကမ္ဘောဒီးယားတို့ လာအိုတို့နဲ့ နှိုင်းယှဉ်ရင် သူတို့ဟာ မြန်မာနိုင်ငံထက် သုံးဆကျော် ကျန်းမာရေးကဏ္ဍမှာ ပိုသုံးတယ်လို့ သူက ပြောပါတယ်။

တကယ်တော့ မြန်မာနိုင်ငံဟာ ကျန်းမာရေး အသုံးစားရိတ်အရ ကြည့်ရင်ဒေသတွင်း နိုင်ငံတွေထက်အခြေအနေပိုဆိုးတဲ့ ဆဟာရ တောင်ပိုင်းနိုင်ငံတွေလို အုပ်စုထဲမှာဝင်နေပြီလို့ စီးပွားရေး ပညာရှင် Sean Turnell ပြောပါတယ်။