လွတ်လပ်ရေးနေ့မှာ အကျဉ်းသားတွေ လွှတ်ပေးဖို့ တောင်း

  • 3 ဇန်နဝါရီ 2011
Monks Students

မနက်ဖြန်မှာ ကျရောက်မယ့် ၆၃ နှစ်မြောက် လွတ်လပ်ရေးနေ့နဲ့ တိုက်ဆိုင်ပြီး မြန်မာနိုင်ငံ တစ်ဝန်း အကျဉ်း ထောင်တွေထဲက နိုင်ငံရေး အကျဉ်းသား ၂၂၀၀ ကျော်ကို လွတ်ပေးဖို့ ပြည်တွင်းမှာရှိတဲ့ ကျောင်းသားနဲ့ သံဃာအဖွဲ့အစည်းတွေက တိုက်တွန်း လိုက်ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး၊ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ဗကသ၊ ၇ခိုင်ကျောင်းသားများသမဂ္ဂ၊ မြေလတ်ကျောင်းသားများအဖွဲ့ စတဲ့အဖွဲ့ စုစုပေါင်း ၁၂ ဖွဲ့က တိုက်တွန်းခဲ့တာပါ။

''၂၂၀၀ ကျော်ကို အခုလွှတ်'' ဆိုတဲ့ ခေါင်းစဉ်နဲ့ စာမျက်နှာ ၁၆ မျက်နှာပါ စုပေါင်းထုတ်ပြန်ချက်တစ်စောင်မှာ အားလုံးကို လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

မြန်မာအကျဉ်းထောင်တွေထဲက ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ ၂၂၀၀ ကျော်ထဲမှာ သံဃာအပေါး ၂၆၀ ကျော်နဲ့ ကျောင်းသား ၂၈၀ ကျော် တို့ ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးပြီး အဲဒီအကျဉ်းသားတွေရယ်၊ ဒေါ်အောင်ဆန်းစုကြည်ရယ်၊ တောတွင်းက တော်လှန်ရေးသမားတွေနဲ့ စစ်အစိုးရတို့ အားလုံး ဆွေးနွေးညှိနှိုင်းမှ လူထုလိုချင်တဲ့ ဒိမိုကရေစီပန်းတိုင်ကို ရောက်နိုင်မယ်လို့ ၂၀၀၇ သံဃာ့အရေးအခင်းနောက်ပိုင်းပေါ်လာတဲ့ မြေလတ်ကျောင်းသားများအဖွဲ့က ကိုစိုးအောင်က ပြောပါတယ်။