လွတ်လပ်ရေးနေ့ အခမ်းအနားများကျင်းပ

  • 4 ဇန်နဝါရီ 2011
Independence Day

ဒီကနေ့ ကျရောက်တဲ့ ၆၃ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွေကို မြန်မာအစိုးရက နေပြည်တော်မှာ ကျင်းပခဲ့သလို၊ အန်အယ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကလဲ ရန်ကုန်မြို့ ရွှေဂုံတိုင် ရုံးချုပ်မှာ ကျင်းပခဲ့ပါတယ်။

အစိုးရရဲ့ လွတ်လပ်ရေးနေ့သဝဏ်လွှာမှာ နအဖ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကတော့ မြန်မာနိုင်ငံကို လွှမ်းမိုးချုပ်ကိုင်လိုတဲ့နိုင်ငံ တွေရဲ့ အန္တရာယ်ကနေ ကာကွယ်ကြဖို့ သတိပေးခဲ့ပါတယ်။

ပထဝီနိုင်ငံရေးအရ အချက်အချာ ကျတဲ့ မြန်မာနိုင်ငံကို လောဘရမ္မက်ကြီးမားပြီး ရန်လိုတဲ့ နိုင်ငံတချို့က နည်းအမျိုးမျိုးနဲ့ လွှမ်းမိုးချုပ်ကိုင်နိုင်ဖို့ ကြိုးပမ်းနေတယ်၊ ပြည်ထောင်စုပြိုကွဲမယ့်ရန်က ကာကွယ်ရမယ်လို့ ဆိုပါတယ်။

Image caption အငြိမ်းစား တပ်မတော်အရာရှိများနဲ့ ဝန်ကြီးများ

ဗိုလ်ချုပ်မှုးကြီး သန်းရွှေရဲ့ သဝဏ်လွှာဟာ အတိုက်ခံတွေ၊ တိုင်းရင်းသားလက်နက်ကိုင် တွေအပေါ် တင်းမာမှုက အရင်အတိုင်းပဲ ရှိနေတယ် ဆိုတာကို တပ်မတော်သားတွေကို ပြောချင်တဲ့ သတင်းစကား ဖြစ်နိုင်တယ်လို့ ဗမာပြည် ကွန်မြူနစ်ပါတီ ပြောခွင့်ရ ရဲဘော်ဖိုးသံချောင်းက ပြောပါတယ်။

မကြာခင်နှစ်ပိုင်းက ပြည်ပကို ရောက်လာတဲ့ တပ်မတော်အရာရှိဟောင်း ဦးမြတ်နိုးကလည်း တိုင်းတပါးရန်ကို ကာကွယ်ဖို့ဆိုတဲ့ကိစ္စဟာ အောက်ခြေတပ်သားတွေကို စည်းရုံးရာမှာ၊ တပ်မတော်ကို တိုးချဲ့ရာမှာ အောင်မြင်ထိရောက်ပေမယ့် အသိအမြင်ကျယ်တဲ့ တပ်မတော်သားတွေကတော့ ဒီနေ့ခေတ်ကာလမှာ ကျူးကျော်စစ်ထက် တခြား စီးပွားရေး လူမှုရေးနည်းလမ်းတွေနဲ့ လွှမ်းမိုးမှုက ပိုဖြစ်နိုင်တယ်လို့ မြင်ကြကြောင်း ပြောပါတယ်။

Image caption NLD ရုံးချုပ်မှာ အခမ်းအနားကျင်းပ

အန်အယ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း လွတ်လပ်ရေးနေ့ ကြေငြာချက်မှာ အမျိုးသား ရင်ကြားစေ့ရေး အတွက် တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ အတွက် ထပ်မံ တောင်းဆိုခဲ့ပါတယ်။

အန်အယ်ဒီဗဟိုရုံးချုပ်မှာ ကျင်းပတဲ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပွဲမှာတော့ အရင်နှစ်တွေတုန်းက နေအိမ် အကျယ်ချုပ်ကျခံနေရလို့ မတက်ရောက်နိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တက် ရောက်နိုင်ခဲ့ပြီး ဗြိတိန်နဲ့ အမေရိကန် အပါအဝင် နိုင်ငံခြားသံရုံးတွေက ကိုယ်စားလှယ်တွေ၊ အန်အယ်ဒီပါတီဝင်နဲ့ စိတ်ပါဝင်စားသူထောင်နဲ့ ချီတက်ရောက် ခဲ့ကြပါတယ်။

အလားတူ မန္တလေး မြို့မှာလည်း အန်အယ်ဒီမန္တလေးတိုင်း ဥက္ကဌဦးသိန်းတန်အိမ်မှာ ကဗျာဆရာကိုလေးအင်းဝဂုဏ်ရည်နဲ့ ရှေ့နေ ဦးအောင် သိန်းတို့က လွတ်လပ်ရေးနေ့ ဟောပြောပွဲတခု လုပ်ခဲ့ပါတယ်။

ရွှေဘို၊မိုးညှင်း၊ကျောက်ပန်းတောင်းနဲ့ ရေနံခေျာင်းမြို့တွေမှာလဲ အန်အယ်ဒီ ပါတီဝင်တွေက လွတ်လပ်ရေးနေ့အထိမှတ်ပွဲတွေလုပ်ခဲ့ကြပြီး သာစည်မြို့ မှာတော့ ဝမ်းတွင်း၊ မလှိုင်၊ ပျော်ဘွယ်၊ မိတ္ထီလာနဲ့တောင်သာမြို့နယ် ၆ ခုစု ပေါင်းပြီး လွတ်လပ်ရေးနေ့နဲ့ ပတ်သက်တဲ့ဟောပြောဆွေးနွေးပွဲတွေ လုပ်ခဲ့ကြပါတယ်။