နအဖကနဲလေးစခန်းကို ကေအင်ယူ ဒီကေဘီအေပေါင်းတိုက်

  • 6 ဇန်နဝါရီ 2011

ကေအင်ယူနဲ့ ဒီကေဘီအေ ပူးပေါင်းတပ်တွေဟာ နအဖစစ်တပ် အခြေစိုက်တဲ့၊ ကနဲလေးစခန်းကို ဒီနေ့မနက်တုံးက သွားတိုက်ရာက နှစ်ဖက်ကြားမှာ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပါတယ်။

မနက် ၈ နာရီလောက် ကစပြီး၊အဝေးပစ်မော်တာတွေ၊ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပစ်လိုက်ကြတာ ၁၁ နာရီ လောက်အထိဖြစ်ပါတယ်။

နှစ်ဖက်အသေအပျောက်ကိုတော့မသိရသေးဘူးလို့ ထိုင်းနယ်စပ်လုံခြုံရေးတာဝန်ရှိသူ တဦးကပြောပါတယ်။

မနေ့တုံးကလည်း ဖလူးဒေသက ၊ကော်မနောင်ဆိုတဲ့နေရာအလွန်မှာ တိုက်ပွဲဖြစ်ခဲ့သလို ဒီနေ့ မွန်းလွဲပိုင်းမှာလည်း၊ဖလူးဖက်မှာ ပစ်ခတ်မှုနည်းနည်း ဖြစ်ခဲ့ပါသေးတယ်။

နအဖတပ်တွေဟာ ကနဲလေး၊ ဝေါ်လေနဲ့ ဖလူးဒေသဖက်မှာ လှုပ်ရှားနေတဲ့ ဒီကေဘီအေတွေနဲ့ မောလာအိတောင်လို့ ခေါ်တဲ့နေရာမှာ လက်ရှိအခြေစိုက်နေတဲ့ ၊ဗိုလ်နှုပ်ခမ်းမွှေးကို တိုက်ဖို့ စစ်ဆင်ရေးတပ်တွေနဲ့ အမြောက်တပ်တွေကိုပါ စေလွှတ်နေတာ အခုတလလောက်ရှိသွားပါပြီ။

နအဖတပ်တွေ အခုလို မြ၀တီမြို့တောင်ဖက်ကို တက်သွားနေတာ ဒီကေဘီအေတွေကိုပဲသွားတိုက် ဖို့ဆိုပြီး သတင်းထွက်နေပေမဲ့ တကယ်တန်းကျတော့ စစ်မြေပြင်မှာ ကေအင်ယူနဲ့ ဒီကေဘီအေတပ်တွေ ပူးပေါင်း တိုက်ခိုက်တာကို ရင်ဆိုင်နေရပါတယ်။

ဒါကြောင့် နအဖအစိုးရတပ်တွေက မြ၀တီမြို့တောင်ဖက်ဒေသကို တလအတွင်းမှာ စစ်ဆင်တိုက်ခိုက်သိမ်း ယူမယ်ဆိုတာဟာ ဒီထက်ပိုပြီး အချိန်ကြာသွားနိုင်တယ်လို့ နယ်စပ်ကတိုက်ပွဲတွေကို စောင့်ကြည့်နေသူတွေကပြောပါတယ်။