အခွန်စနစ်သစ် မလိုလားအပ်တာတွေ ဖြစ်နိုင်

  • 6 ဇန်နဝါရီ 2011
Image caption ပြည်တွင်းပြည်ပ အရောင်းအဝယ်တွေမှာ အခွန်စနစ်သစ် ကျင့်သုံး

မြန်မာနိုင်ငံမှာ နိုင်ငံခြားနဲ့ ကုန်သွယ်တာ အပါအဝင် ပြည်တွင်း ပြည်ပမှာ ကန်ထရိုက်သဘောတူ စာချုပ်နဲ့ အရောင်းအဝယ် လုပ်တာတွေကို အစိုးရက ဝင်ငွေခွန် တိုက်ရိုက် နှုတ်ယူတဲ့ စနစ်ကို ခုနှစ် ဇန္နဝါရီလ ၁ ရက် နေ့က စပြီး တင်းတင်း ကြပ်ကြပ် ဆောင်ရွက်နေပါတယ်။

အင်္ဂလိပ်လို Withholding Tax လို့ ခေါ်တဲ့ပင်ရင်းမှ နှုတ်ယူပေးသွင်းသည့် အခွန်ငွေဆိုတာဟာ တကယ် တော့ ဝင်ငွေခွန် ဒါမှမဟုတ် အမြတ်ခွန်ကို အရောင်းအဝယ် စာချုပ်တွေချုပ်တဲ့ အခါ တပါတည်း ပေးဆောင်စေတဲ့ စနစ်ဖြစ်ပါတယ်။

အရင်တုန်းကတော့ ဝန်ထမ်းတွေဆီက ဝင်ငွေခွန်ကို လစဉ်ဖြတ်ယူတဲ့ပုံစံမျိုးနဲ့ ကောက်ခံခဲ့ပြီး အခုအခါမှာတော့ ပုဂ္ဂလိက စီးပွားရေးကုမ္ပဏီတွေကိုလိုက်ပြီး အခွန်စည်းကြပ်ဖို့ ဆောင်ရွက်လာတာ ပါ။

အစိုးရ ဘဏ္ဍာအခွန်ဝန်ကြီးဌာနက အမိန့်ကြော်ညာစာအမှတ် ၄၀/၂၀၁၀ ကိုထုတ်ပြီး မနှစ်ဧပြီ လဆန်းကတည်းက အကျိုးသက်ရောက်အောင် ဆောင်ရွက်ခဲ့ပေမယ့် စီးပွားရေး လုပ်ငန်းတွေဖက်က မလိုက်နာနိုင်တာကြောင့် ဒီနှစ်ဆန်း ၁ ရက်နေ့ကစပြီးတိတိကျကျ လိုက်နာဖို့အခွန်အရာရှိတွေက ကုန်သည်ကြီးများ အသင်းမှာ ဒီဇင်ဘာ ၃၁ ရက်နေ့က နောက်ထပ် အမိန့်ကြော်ငြာစာထုတ်ပြီး လာရှင်းလင်းခဲ့ပါတယ်။

အခု အခွန်နှုန်းထား တွက်ချက်ပုံကတော့ငွေ ၁၀၀ ဖိုးအရောင်းအဝယ်လုပ်တိုင်း၊ ၁၀ ရာနှုန်းအမြတ်ရှိတယ်လို့ယူဆပြီးဝင်ငွေခွန်ကို တပါတည်းကောက်တာပါ။ ပြည်တွင်းအချင်းချင်း ရောင်းဝယ်ရင်အမြတ်ရဲ့ ၃၀ ရာနှုန်း၊ ပြည်ပနဲ့ရောင်းဝယ်ရင် အမြတ်ရဲ့ ၃၅ ရာနှုန်းကိုဝင်ငွေခွန်တပါ တည်း စည်းကြပ်တာ ဖြစ်တယ်လို့ ပြည်တွင်း အခွန်ဦးစီးဌာနအငြိမ်းစားအရာရှိတဦးကရှင်းပြပါတယ်။

ဒီတော့ အဲဒီခန့်မှန်းထားတဲ့အမြတ်ကိုမရရင် ကုန်သည်ဖက်က နစ်နာတဲ့အပြင် ဒီစံနစ်ကြောင့် ကုန်သွယ်ရေးဆောင်ရွက် ရာမှာ ကြန့်ကြာမှုတွေ ဖြစ်လာနိုင်တယ်လို့ သူကဆိုပါတယ်။

သူ့အမြင်အရဆိုရင်တော့ ကုန်သည်တွေအပေါ်မှာ စည်းကြပ်တဲ့ဒီ Withholding Tax ဆိုတဲ့ပင်ရင်းမှ နှုတ်ယူပေးသွင်းခွန် ကောက်ခံပုံဟာ သဘာဝမကျဘဲ မလိုလားအပ်တဲ့ ဆိုးကျိုးတွေသာ ဖြစ်လာမယ့်ပုံရှိတယ်လို့ဆိုပါတယ်။