မနောပွဲကို စစ်တပ် ထိန်းချုပ်

  • 7 ဇန်နဝါရီ 2011

ကချင် တိုင်းရင်းသား တို့ရဲ့ ယဉ်ကျေးမှု အစဉ်အလာ အတိုင်း နှစ်စဉ် ကျင်းပမြဲ ဖြစ်တဲ့ မနော ပွဲတော်ကို အခုနှစ်မှာ အရင်နှစ်တွေနဲ့ မတူဘဲ မြန်မာ အစိုးရရဲ့ ထိန်းချုပ် စီစဉ်မှု အောက်မှာ ကျင်းပရတဲ့ အတွက် ကချင် တိုင်းရင်းသားတွေ ကြားမှာ မကျေ မနပ် ဖြစ်နေကြ ပါတယ်။

Image caption မနှစ်က မနောပွဲမှာ မြင်ခဲ့ ရတဲ့ ကချင် လှပျို ဖြူ တို့ ရဲ့ ရိုးရာ အက

၆၃ နှစ်မြောက် ကချင် ပြည်နယ်နေ့ အထိမ်း အမှတ် မနော ပွဲတော်ကို မြစ်ကြီးနား မြို့မှာ သောကြာနေ့က စတင် ကျင်းပ နေတာ ဖြစ်ပါတယ်။

ကချင် မနောပွဲ ဆိုတာဟာ ကချင် တိုင်းရင်းသား တွေ အလွန် တန်ဖိုး ထားတဲ့ ရိုးရာ ယဉ်ကျေးမှုပွဲ တစ်ခုပါ။ နှစ်စဉ် နှစ်တိုင်း ကချင် ယဉ်ကျေးမှု အဖွဲ့က ဦးဆောင် စီစဉ် ကျင်းပလေ့ ရှိတဲ့ မနောပွဲ ကို ဒီနှစ် မှာတော့ အဲဒီ စီစဉ်သူ တွေကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ကြိုးကိုင် ထိန်းချုပ်ပြီး ဆောင်ရွက်တာလို့ ယူဆတဲ့ အတွက် ကချင် တိုင်းရင်းသားတွေ မကျေ မနပ် ဖြစ်ကြ တာပါ။

အစိုးရက ဘာကြောင့် ဒီနှစ်မှာ အခုလို လုပ်တယ်ဆိုတာ တိတိကျကျ မသိရ ပေမဲ့ ကေအိုင်အို ကချင် လွတ်လပ်ရေး အဖွဲ့က နယ်ခြားစောင့်တပ် ဖွဲ့ရေး ကိစ္စကို လက်မခံတဲ့ နောက်ပိုင်းမှာ ဖြစ်လာတာပါ။

အရင် နှစ်တွေ တုန်းက ကချင် ယဉ်ကျေးမှု အဖွဲ့ က ကေအိုင်အို ကို တရားဝင် ဖိတ်ကြားလေ့ ရှိပြီး၊ ဒီနှစ်မှာ တော့အသိပေး ပေမယ့် မဖိတ်ကြားခဲ့ဘူး လို့ ကေအိုင်အို ခေါင်းဆောင် တစ်ယောက်က ပြောပါတယ်။

ကေအိုင်အို ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးကြီး James Lamdau ကတော့ ကချင် ရိုးရာ ယဉ်ကျေးမှု ဖြစ်တဲ့ မနောပွဲကို တခြားက လာပြီးကျင်းပ တာမျိုး မဖြစ် သင့်ဘူးလို့ ဆို ပါတယ်။ ကေအိုင်အို အဖွဲ့ အပြင် စစ်အစိုးရ ဦးဆောင် ကျင်းပတဲ့ မနောပွဲကို လက်မခံနိုင် ကြဘူး ဆိုတဲ့ကချင် တိုင်းရင်းသားတွေ အများ အပြားရှိ ကြပါတယ်။ ကချင် ကျောင်းသား အဖွဲ့ တစ်ခု ကတော့ အဲဒီ ကချင် မနောပွဲမှာ အစိုးရ ဆန့်ကျင် စာတွေ ဖြန့်ဝေ ခဲ့ပါတယ်။