ယုဇနရဲ့ လျော်ကြေးငွေ တောင်သူမကျေနပ်

  • 8 ဇန်နဝါရီ 2011
ကချင်ပြည်နယ် ရှုခင်း
Image caption ကချင်ပြည်နယ် ရှုခင်း

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖါးကန့်မြို့နယ်က ကျေးရွာတွေမှာ လယ်သမား ၆၃ ဦးပိုင် လယ်မြေတွေကို အဓမ္မသိမ်းတယ်ဆိုပြီး ယုဇန ကုမ္ပဏီအပေါ် တရားစွဲဆို ထားတဲ့အမှုနဲ့ ပတ်သက်လို့လျော်ကြေး ပေးဖို့ မြစ်ကြီးနားမြို့ ပြည်နယ်တရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။

ဒါပေမယ့် ဒီတရားရုံးက ချပေးလိုက်တဲ့ သတ်မှတ်လျှော်ကြေးဟာ အရင်တရားရင်မဆိုင်ခင်က ယုဇနကုမ္ပဏီက ပေးမယ်ဆိုတဲ့ လျော်ကြေးအတိုင်းပဲ ဖြစ်နေတာမို့ နစ်နာကြေး တောင်းဆိုခဲ့ကြတဲ့ လယ်သမားတွေက မကျေမနပ် ဖြစ်နေကြပါတယ်။

လယ်သိမ်းခံ တောင်သူတစ်ဦးဖြစ်တဲ့ဒေါ်ဘောက်ကြာက ပထမ ယုဇနနဲ့စကားပြောဆိုတုန်းကလည်း တစ်ဧကကို ၈၀၀၀၀ နဲ့ညှိနှိုင်းတာကို မကျေနပ်လို့တရားရုံးကို တိုင်ခဲ့တာ အခု တရားရုံးက ဆုံးဖြတ်ပေးတော့လည်း လယ်တစ်ဧကကို ၈၀၀၀၀ နဲ့ပဲ ဖြတ်ပေးလို့ တောင်သူတွေက မကျေမနပ် ဖြစ်နေကြတဲ့အကြောင်း ဘီဘီစီကို ပြောပါတယ်။

မြေရိုင်းကို ရှင်းမယ်ဆိုရင်တောင် တစ်ဧကကို ၁ သိန်းခွဲလောက်ကုန်ကျမှာဖြစ်တယ် ဆုံးရှုံးနစ်နာထားတဲ့ စိုက်ပျိုးခြံမြေတွေ ဥယျာဉ်ခြံမြေတွေ စိုက်ပျိုးထားတဲ့ စားပင် သီးပင်တွေ ပြီးတော့ ၂ နှစ်လောက် လုပ်ကိုင်မစားရပဲ ဒီအတိုင်းပစ်ထားခဲ့ရတာတွေကို ထည့်တွက်ရင် နစ်နာဆုံးရှုံးမှုဟာ ကြီးမားတဲ့အကြောင်း ဒါကြောင့်မို့ ဒိထက်ပိုပေးဖို့ အယူခံတက်ပေးမှာဖြစ်တယ်လို့ တောင်သူတွေရဲ့ အကျိုးဆောင်ရှေ့နေ ဦးမြင့်သွင်က ပြောပါတယ်။

ဒီအမှုဟာ ဖါးကန့်မြို့နယ်မှာရှိတဲ့ နမ့်စိုင်၊ အောင်ယာ၊ ရှယူစပ်၊ စံပြစတဲ့ကျေးရွာတွေက တောင်သူ ၁၄၈ ဦးပိုင် တောင်ယာနဲ့ဥယျာဉ်ခြံမြေ ဧက ၁၀၀၀ ကျော်ကို ၂၀၀၇ ခုနှစ်က ယုဇနကုမ္ပဏီက ပလောပီနံနဲ့ ကြံစိုက်ဖို့ဆိုပြီး အာဏာပိုင်တွေ အကူအညီနဲ့သိမ်းယူခဲ့တာကို လယ် သိမ်းခံရတဲ့တောင်သူတွေက ထိုက်တန်တဲ့ နစ်နာကြေး ရဖို့ပြီးခဲ့တဲ့ စက်တင်ဘာလက ယုဇနကုမ္ပဏီကို တရားစွဲဆိုထားခဲ့တဲ့ အမှုဖြစ်ပါတယ်။