မိုင်းလားတပ်ဖွဲ့ အမြောက် ပစ်ခတ်ခံရ

  • 8 ဇန်နဝါရီ 2011
မြန်မာစစ်တပ် စစ်ရေးပြစဉ်
Image caption မြန်မာစစ်တပ် စစ်ရေးပြစဉ်

စစ်အစိုးရရဲ့ နယ်ခြားစေါင့်တပ် လုပ်ရေးကို လက်မခံတဲ့ မိုင်းလားတပ်ဖွဲ့ခေါ် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်ပေါင်းစုရဲ့ ခံတပ်စခန်းအနီးကို ရှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ် အခြေစိုက် နအဖ အမြောက်တပ်က မနေ့ မွန်းလွဲပိုင်းက လက်နက် စမ်းသပ်တယ်ဆိုပြီး ၁၅၅ မီလီမီတာ အမြောက်နဲ့ ၁၅ ချက် ပစ်ခတ်ခဲ့ပါတယ်။

အမြောက်ဆံတွေက စခန်းအနီးကိုသာ ကျရောက်တာဖြစ်လို့ ထိခိုက်ဒဏ်ရာရသူတော့ မရှိပါဘူး။ ရှမ်းသံတော်ဆင့် အယ်ဒီတာ ဦးခွန်ဆိုင်းကတော့ အခုလို ပစ်ခတ်မယ့်အကြောင်းကိုတော့ မပစ်ခင် ၆ ရက်နေ့ကတည်းက အကြောင်းကြားခဲ့တာရှိပေမယ့် အမြောက်စမ်းသပ်တဲ့အနေနဲ့ ပစ်မယ်ဆိုရင် ဒိပြင်နေရာတွေမှာ စမ်းသပ်ရင်ဖြစ်ရဲ့သားနဲ အမြောက်ဆံတွေက အခုလို စခန်းနားကို ကျလာတာကိုတော့ အတော်လေး မကျေမချမ်းဖြစ်ကြတယ်လို့သိရတဲ့အကြောင်း ဘီဘီစီကို ပြောပါတယ်။

ဒီလ ၄ ရက်နေ့ မိုင်းလားမြို့မှာ လွတ်လပ်ရေး အခမ်းအနားကျင်းပတုန်းက မြို့နယ်အုပ်ချုပ်ရေးမှူးက သဘာပတိမိန်းခွန်းပြောရာမှာ စစ်မှန်တဲ့ ပြည်ထောင်စု တည်ဆောက် ချင်လို့ဗမာပြည်နဲ့ပေါင်းပြီး လွတ်လပ်ရေးယူခဲ့တာ အခုထက်ထိ စစ်မှန်တဲ့ လွတ်လပ်ရေးကို မရသေးလို့ ဆက်လက် ရုန်းကန်သွားရမှာ ဖြစ်တယ်လို့ ပြောခဲ့တာနဲ့ အဲဒီအခမ်းအနားမှာ အခု စစ်အစိုးရပြုလုပ်တဲ့ အလံသစ်ကို မတင်ပဲ အရင်အလံဟောင်းကိုပဲ တင်ခဲ့တဲ့ကိစ္စတွေဟာ မိုင်းလားအဖွဲ့အပေါ် စစ်အစိုးရက မကျေနပ်စေတဲ့ အချက်တွေဖြစ်နိုင်တယ် ဒါကြောင့်မို့အခုလို လက်နက်ကြီးပစ်ပြီး ခြိမ်းခြောက်တာလည်း ဖြစ်နိုင်တယ်လို့ဦးခွန်ဆိုင်းက ပြောပါတယ်။