စစ်မှုမထမ်း မနေရ အမိန့်ထုတ်

  • 9 ဇန်နဝါရီ 2011
burma military
Image caption စစ်မှုမထမ်းမနေရ ပြန်တမ်းကို ငြင်းဆန်ရင် ထောင်ဒဏ် ကျခံရနိုင်ဖွယ်ရှိ

မြန်မာနိုင်ငံမှာ အသက် ၁၈နှစ် ပြည့်ပြီးသူ အမျိုးသား အမျိုးသမီးတိုင်း စစ်မှုမထမ်း မနေရ ဆိုတဲ့ နိုင်ငံတော် ပြန်တမ်း တခုကို ဒီဇင်ဘာလ ၁၇ရက် နေ့စွဲနဲ့ စစ်အစိုးရက ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။

အသက် ၁၈နှစ်နဲ့ ၄၅နှစ်ကြား အရွယ် အမျိုးသားတွေ၊ အသက် ၁၈နှစ်နဲ့ ၃၅နှစ်ကြား အရွယ် အမျိုးသမီးတွေ အနေနဲ့ ၂နှစ်ကနေ ၃နှစ်ကြာ စစ်မှုထမ်းကြရမှာ ဖြစ်ပြီး ငြင်းဆန်သူတွေအနေနဲ့ ထောင်ဒဏ် ၅နှစ်အထိ ကျခံရနိုင်တယ်လို့ ဖေါ်ပြထားပါတယ်။

ဒါပေမဲ့ ဒီပြန်တမ်းကို သတင်းစာ၊ ရေဒီယိုနဲ့ ရုပ်မြင်သံကြားတွေကနေ အသိပေး ဖေါ်ပြတာမျိုးတော့ မရှိသေးပါဘူး။

နိုင်ငံတကာ စံညွှန်း အရတော့ တနိုင်ငံနဲ့ တနိုင်ငံကြား ပေါ်ပေါက်တဲ့ ကိစ္စရပ်တွေမှာ နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးအတွက် တိုင်းသူ ပြည်သား အယောက်တိုင်း စစ်ပညာ တတ်မြောက်ထားရမယ်၊ စစ်မှုထမ်းတဲ့ အတွေ့အကြုံတွေ ရှိထားရမယ်၊ အချိန်မရွေး စစ်တိုက်တတ်ရမယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကမ္ဘာ့နိုင်ငံတွေမှာ စစ်မှုမထမ်း မနေရ ဆိုတဲ့ အမိန့်ကိုပြဌာန်းလေ့ ရှိကြတယ်လို့ ဥပဒေ ပညာရှင် ဦးအောင်သိန်းက ပြောပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း ရှိစဉ်ကတည်းက လူတိုင်း စစ်ပညာ တတ်ထားရမယ် ဆိုတဲ့ ရည်ရွယ်ချက်တွေ ရှိခဲ့ဖူးကြောင်း၊ လူတိုင်း စစ်မှုထမ်းတဲ့ အတွေ့အကြုံ ရှိထားရင် ပြည်ပ ကျူးကျော်မှုတွေကို ကာကွယ်နိုင်မှာ ဖြစ်တဲ့ အတွက် ဒီပြဌာန်းချက် ကောင်းတယ်လို့ ဆိုနိုင်ကြောင်း၊ ဒါပေမဲ့ တိုင်းရင်းသား အချင်းချင်း တိုက်တဲ့ စစ်ပွဲတွေ၊ နိုင်ငံရေး အယူအဆ မတူသူတွေကို တိုက်ခိုက် ချေမှုန်း အသုံးပြုမယ်ဆိုရင်တော့ ဒီရည်ရွယ်ချက်က မှန်ကန်တယ်လို့ မယူဆနိုင်ကြောင်း အဲဒီ အမိန့် ပြန်တမ်းကို လက်ဝယ် ရထား သူ ဦးအောင်သိန်းက ဘီဘီစီကို ပြောပါတယ်။