လာမယ့် ၃၁ ရက်နေ့ လွှတ်တော် ခေါ်မယ်

  • 10 ဇန်နဝါရီ 2011

မြန်မာ နိုင်ငံမှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ ပြည်နယ်နဲ့ တိုင်း ဒေသကြီး လွှတ်တော်တွေကို အခုလကုန် ဇန်နဝါရီလ ၃၁ ရက်နေ့ မနက် ၈ နာရီ ၅၅ မိနစ်မှာ စတင် ကျင်းပသွား မယ်လို့ မြန်မာ့ အသံနဲ့ ရုပ်မြင် သံကြားက ကြေညာ ခဲ့ပါတယ်၊

Image caption အခုလကုန်မှာ လွှတ်တော် ကျင်းပမယ့် နေပြည် တော် က အဆောက်အဦး

ဗိုလ်ချုပ် မှူးကြီး သန်းရွှေ လက်မှတ် ရေးထိုးပြီး ထုတ်ပြန်တဲ့ အဲဒီ ကြေညာချက်မှာ ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်ကို နေပြည်တော်မှာ ကျင်းပမှာဖြစ်ပြီး ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော် တွေကိုတော့ သက်ဆိုင်ရာ ဒေသတွေမှာ ရှိတဲ့ လွှတ်တော် အဆောက် အဦး တွေမှာ ကျင်းပ ရမယ်လို့ ဖေါ်ပြထား ပါတယ်။

သမ္မတ ရွေးချယ်ခြင်း ဆိုင်ရာ၊ အစိုးရ အဖွဲ့နဲ့ ပြည်နယ်နဲ့တိုင်း အစိုးရ ဆိုင်ရာ ဥပဒေ အပါ အဝင် ဥပဒေ စာအုပ် ၁၇ မျိုး ကိုလည်း ထုတ်ပြန် လိုက်ပြီး ဒီကနေ့ တနင်္လာနေ့က စပြီး စာပေ ဗိမာန်မှာ ဝယ်ယူနိုင် တယ်လို့ ကြေညာ သွားပါတယ်။

ဒါပေမဲ့ စာပေ ဗိမာန်မှာ သွား ဝယ်ကြသူ တွေကတော့ အလွယ်တကူ ဝယ်လို့ မရဘူးလို့ သိရပါတယ်။

နှစ်ပေါင်း ၂၀ ကျော်မှာ ပထမဆုံး ခေါ်မယ့် လွှတ်တော်၊ လွတ်လပ် မျှတမှု မရှိဘူးလို့ ဝေဖန် ခံခဲ့ ရတဲ့ ရွေးကောက်ပွဲ အပြီး နှစ်လ အကြာမှာ ပြုလုပ်မယ့် အဲဒီ လွှတ် တော် ကို တက် ရောက် ကြမယ့် ကိုယ်စားလှယ်တွေ က သူတို့ ကြုံတွေ့ ကြရမယ့် လွှတ်တော် အတွက် သက်ဆိုင်ရာ ပါတီတွေ အလိုက် ကြိုတင် ပြင်ဆင် ထားကြ ပေမဲ့ လွှတ်တော် တက်ကြ ရမယ့် ရက်ကို ကြိုတင် အကြောင်းကြားစာ ရထားကြပုံ မရပါဘူး။

စစ်တွေ မြို့နယ် ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ်မြေ အတွက် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ကနေ ရွေးကောက် ခံရတဲ့ ပါတီ ဥက္ကဌ ဒေါက်တာ အေးမောင် အပါအဝင် ဘီဘီစီက ဆက်သွယ် မေးကြည်မိခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ ကတော့ သူတို့ တစ်ယောက်ချင်း စီကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အကြောင်း မကြား သေးဘူးလို့ ပြော ပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အမတ် ဦးရေ အများဆုံးနဲ့ အနိုင်ရခဲ့တယ် ဆိုတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကလည်း သူ့ပါတီဝင် အမတ် တွေကို လွှတ်တော် အတွက် ဘာတွေ ပြင်ဆင်ထားဖို့ လိုတယ် ဆိုတာတွေကို ကြိုတင် အသိပေးထားတာ၊ ညွှန်ကြား ထားတာ မရှိဘူးလို့ အမျိုးသား လွှတ်တော် အတွက် အရွေးခံ ခဲ့ရတဲ့ ကြံ့ခိုင်ရေး ပါတီ ကိုယ်စားလှယ် ဇေကမ္ဘာ ဦးခင်ရွှေက ပြောပါတယ်။

တနင်္လာနေ့က ထုတ်ပြန်လိုက်တဲ့ ဥပဒေ စာအုပ်ကိုသာ လက်စွဲ အဖြစ် အသုံးပြု ရမှာ ဖြစ်တယ်လို့ လည်း သူက ဆက်ပြောပါတယ်။

သမ္မတ အဖြစ်ဘယ်သူ့ကို လျာထားတယ်၊ အစိုးရ အဖွဲ့ကို ဘယ်သူ ဦးဆောင်မယ် ဆိုတာ တွေကိုလည်း ဘယ်သူမှ မသိကြဘူးလို့ ဦးခင်ရွှေက ပြောပါတယ်။