လွှတ်တော်မှာ ဘာတွေ လုပ်ကြမလဲ

  • 11 ဇန်နဝါရီ 2011

လွှတ်တော် ခေါ်ယူမယ် ကြေငြာချက်နဲ့ အတူ မြန်မာ အစိုးရက ထုတ်ပြန်လိုက်တဲ့ လွှတ်တော် ဆိုင်ရာ ဥပဒေ စာအုပ်တွေ အရ ရွေးကောက်ပွဲ အပြီး ပထမဆုံး ကျင်းပမယ့် လွှတ်တော်မှာ စတင် လုပ်ဆောင်မယ့် အစီအစဉ် တချို့ကို သိရှိ လာရပါတယ်။

Image caption နေပြည်တော်က ပါလီမန် အဆောက်အဦးကို ပြီးခဲ့တဲ့ နှစ်က ဆောက်လုပ် နေစဉ်

အဲဒီ လွှတ်တော် ဆိုင်ရာ ဥပဒေတွေ အရ လွှတ်တော် စပြီ ဆိုတာနဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ထဲမှာ ပါတဲ့ အတိုင်း လွှတ်တော် စတင်တာနဲ့ လွှတ်တော် ဥက္ကဌ၊ ဒုတိယ ဥက္ကဌ နေရာ တို့ကို ရွေးကြမှာ ဖြစ်တဲ့ အပြင် သက်ဆိုင် ရာ ကော်မီတီ အဖွဲ့အစည်း တွေကိုလည်း ရွေးကြမှာ ဖြစ်ပါတယ်။

လွှတ်တော် ကိုယ်စားလှယ်တွေ ဆက်လက် လုပ်ဆောင် ကြရမယ့် နည်းဥပဒေ ပြဌာန်းချက် တွေအရ အရင်ဆုံး လုပ်ဆောင်ရမှာ တွေက လွှတ်တော် ကိုယ်စားလှယ်တွေ အားလုံး အသိအမှတ် ပြုလွှာ ရဖို့ လိုတယ်၊ ပြီးရင် မြန်မာ အစိုးရက ခန့်ထားတဲ့ စိစစ်ရေး ကော်မရှင်မှာ အဲဒီ အသိအမှတ် ပြုလွှာ ကို တင်ပြရမယ်၊ နောက် ကတိသစ္စာ ပြုကြရမယ်လို့ နည်းဥပဒေ ပြဌာန်းချက်တွေကို ဖတ်ထားပြီး ဖြစ်တဲ့ အမျိုသား ဒီမိုကရေစီ အင်အားစု ပါတီကနေ သင်္ကန်းကျွန်း မြို့နယ် အတွက် ရွေးကောက်ခံခဲ့ ရတဲ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ဘီဘီစီကို ပြောပါတယ်။

ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်မှာ ဥပဒေကြမ်း ကော်မီတီ၊ ပြည်သူ့ ငွေရှင်းရေး ကော်မီတီ၊ လွှတ်တော် အခွင့် အရေး ကော်မီတီနဲ့ အစိုးရ အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များနဲ့ စိစစ်ရေး ကော်မီတီ စတဲ့ ကော်မီတီ လေးရပ်ကို အမြဲ ဖွဲ့စည်းဖို့ လိုအပ် တယ်လို့သူက ပြောပါတယ်။

ပြည်နယ်နဲ့ တိုင်း ဒေသကြီး လွှတ်တော်မှာတော့ ဥပဒေပြုရေးနဲ့ တိုင်းရင်းသား လူမျိုးစုများ အရေးကို လေ့လာ တင်ပြနိုင်ဖို့ကတော့ လိုအပ်တဲ့ အခါမှာ ကော်မီတီနဲ့ အဖွဲ့တွေကို လွှတ်တော် ကိုယ်စားလှယ်တွေ၊ သက်ဆိုင်ရာ နိုင်ငံသားများနဲ့ သင့်လျော် သလို ဖွဲ့စည်း နိုင်တယ်လို့ နည်းဥပဒေတွေထဲမှာ ပြဌာန်း ထားတဲ့ အတွက် အဲဒီ လွှတ်တော်တွေ မှာတော့ အမြဲတမ်း ကော်မီတီတွေ ဖွဲ့စည်းစရာ မလိုဘူးလို့ လည်း ဦးသိန်းညွန့်က ပြောပါတယ်။