ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော်တွေ ဘယ်မှာလုပ်မလဲ

  • 11 ဇန်နဝါရီ 2011
Image caption နေပြည်တော်က လွှတ်တော်သစ်

မြန်မာစစ်အစိုးရက လွှတ်တော်တွေကို ဇန်နဝါရီလ ၃၁ ရက်နေ့ စတင်ကျင်းပမယ်လို့ ကြေညာခဲ့ပြီး ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ကို နေပြည်တော်မှာ ကျင်းပမယ်လို့ ဆိုပါတယ်။

ပြည်နယ်နဲ့ တိုင်းဒေသကြီးလွှတ်တော်တွေကို သက်ဆိုင်ရာဒေသတွေက လွှတ်တော် အဆောက်အဦးတွေမှာ ကျင်းပရမယ်လို့ ကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။

ဒါပေမယ့် အနိုင်ရပါတီတွေ ရွေးကောက်ခံ ပြည်နယ်လွှတ်တော် အမတ်တွေတောင် ဘယ်နေရာမှာ လုပ်မယ်ဆိုတာ အတိအကျ မသိရဘဲ ခန့်မှန်းပြောဆိုနေကြပါတယ်။

ချင်းအမျိုးသားပါတီဥက္ကဌ ဦးဇိုဇမ်းက ချင်းပြည်နယ်လွှတ်တော်ကို ဟားခါးမြို့မှာလုပ်လိမ့်မယ်လို့ ထင်ကြောင်းပြောခဲ့ပြီး အသေးစိတ် အကြောင်းကြားစာ မရသေးဘူးလို့ ပြောပါတယ်။

စစ်တွေမြို့က ပြည်နယ်မြို့တော်ခန်းမကို ပြင်ဆင်နေတာတွေ့ရလို့ ရခိုင်ပြည်နယ် လွှတ်တော်ကို အဲဒီမှာ ကျင်းပလိမ့်မယ်လို့ ယူဆရတယ်လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဌ ဒေါက်တာအေးမောင်က ပြောပါတယ်။

မွန်ပြည်နယ် နဲ့ ကရင်ပြည်နယ် လွှတ်တော်တွေကိုလဲ ဘယ်နေရာမှာ ကျင်းပမယ်လို့ အတိအကျ မသိရဘူးလို့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစိပါတီ ဥက္ကဌ နိုင်ငွေသိန်းက ပြောပါတယ်။

မော်လမြိုင်မြို့က ပရက ရုံးကို ပြင်ဆင်နေတာဟာ မွန်ပြည်နယ် လွှတ်တော်အတွက် ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

အဲဒီ တိုင်းရင်းသားပါတီတွေက ရွေးကောက်ခံ အမတ်တွေဟာ နှစ်ပေါင်း ၂၀ ကျော်မှာ ပထမဆုံး ခေါ်မယ့် လွှတ်တော်ကို တက် ရောက် ကြဖို့ အသင့်ဖြစ်နေကြပေမယ့် လွှတ်တော်တက်ကြရမှာနဲ့ ပတ်သက်လို့ ဘာအကြောင်းကြားစာမှ မရသေးဘူးလို့ ပြောကြပါတယ်။