ကြံ့ဖွံ့က DPM အမတ် ကို တရားစွဲ

  • 12 ဇန်နဝါရီ 2011
USDA
Image caption ကြံ့ဖွံ့ အဖွဲ့က တခြား အမတ်လောင်းတွေ အပေါ် ပြနလည် တရားစွဲဆို

ရှုံးနိမ့်ခဲ့တဲ့ ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီ အမတ်လောင်း တဦးဖြစ်တဲ့ ဦးရဲအောင်က ဒီမိုကရက်တစ် ပါတီ(မြန်မာ)ရဲ့ ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ်မြေ အမှတ် ၂ ကနေ အနိုင်ရထားတဲ့ ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းကို တရားစွဲဆိုထားပါတယ်။

တရားစွဲဆို ထားတယ်ဆိုတဲ့ အကြောင်း ကြားစာကို မနေ့ပဲ လက်ခံရရှိတဲ့ အကြောင်းနဲ့ ဦးရဲအောင်က သူ့အပေါ် ဥပဒေ ချိုးဖေါက် ကျူးလွန်မှုနဲ့ တရားမဲ့ ပြုကျင့်မှု ဆိုပြီး စွပ်စွဲချက် နှစ်ခုနဲ့ တရားစွဲဆို ထားတာဖြစ်တယ်လို့ ဒေါက်တာညိုညိုသင်းက ဘီဘီစီကို ပြောပါတယ်။

ဦးရဲအောင်ပြောတဲ့ တရားမဲ့ပြုကျင့်မှု ဆိုတာက ဒီမိုကရက်တစ် ပါတီ(မြန်မာ)ရဲ့ ဥက္ကဌ ဦးသုဝေက ပြည်ပ သတင်း ဌာနတွေနဲ့ တွေ့ဆုံ ဆွေးနွေးတာနဲ့ သူ့အနေနဲ့ လည်း ဒီဗွီဘီရုပ်သံနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တာကို ထောက်ပြပြီး တရားမဲ့ ပြုကျင့်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကန့်ကွက် တရားစွဲ ဆိုတာဖြစ်ပါတယ်။ ဥပဒေချိုးဖေါက်တယ် ဆိုတာကိုတော့ ဘာကို ထောက်ပြ စွပ်စွဲထားတယ် ဆိုတာ မသိပါဘူးလို့ ဒေါက်တာညိုညိုသင်းက ပြောပါတယ်။

ဒီအမှုကို ဇန္နဝါရီလ ၂၄ ရက်နေ့မှာ ရွေးကောက်ပွဲ ကော်မရှင်က ဖွဲ့ပေးထားတဲ့ ခုံအမှတ် ၁၂ မှာ ကြားနာမှာ ဖြစ်ကြောင်းနဲ့ ဒီရက်မတိုင်ခင် သူမအနေနဲ့ ထုချေလွှာ တင်ထားဖို့ ရှိတယ်လို့ ဒေါက်တာညိုညိုသင်းက ဘီဘီစီကို ပြောသွားပါတယ်။