အရန် တပ်ဖွဲ့ဥပဒေ ဟာ တပ်မတော်သား အခွင့်အရေး ချိုးဖေါက်တဲ့ ဥပဒေ

  • 13 ဇန်နဝါရီ 2011
burma army
Image caption ပင်စင် ယူပြီး တောင် စစ်ထဲက မထွက်နိုင်ပဲ ဖြစ်ရ မယ့် ဥပဒေ ထွက်

စစ်အစိုးရ က ထုတ်ပြန်လိုက်တဲ့ စစ်မှုထမ်း ဥပဒေ နဲ့ အရန် တပ်ဖွဲ့ဥပဒေ တွေ ဟာ လူ့အခွင့်အရေး နဲ့ တပ်မတော် သား တွေရဲ့ အခွင့်အရေးတွေ ကိုပါ ချိုးဖေါက်တဲ့ သဘောမို့ ဆန့်ကျင် ဖျက်သိမ်း ကြဖို့ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ က တိုက်တွန်း လိုက်ပါတယ်။

လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီဥက္ကဌ ဦးအောင်မိုးဇော် က ဒီလို စစ်မှုထမ်းရမယ် ဆိုတဲ့အမိန့် ကို ထုတ်တာဟာ စစ်မှု မထမ်း ချင်တဲ့ ပြည်သူတွေ ရဲ့ လူ့အခွင့်အရေး ကို ချိုးဖေါက်တာ ဖြစ်သလို အရန် တပ်ဖွဲ့ ဥပဒေ ကလည်း တပ်မတော်သား တွေ ပင်စင်ယူပြီး သွားသည့်တိုင် အေးအေးချမ်းချမ်း နေခွင့်မရှိပဲ ဆက်လက် စစ်မှုထမ်းရမယ် ဆိုတဲ့ ဥပဒေ မို့ တပ်မတော်သားတွေ ရဲ့ ကိုယ်ပိုင် အခွင့်အရေး ကို ချိုးဖေါက်တဲ့ ဥပဒေ ဖြစ်တယ် လို့ ဘီဘီစီ ကို ပြောပါတယ်။

ဒီလို ဥပဒေမျိုး ထုတ်တယ်ဆိုတာ နောင် တက်လာမယ့် အစိုးရက ဒီ ဥပဒေကို ကိုင်ပြီး တိုင်းရင်းသား အချင်းချင်း ရန်တိုက် ပေးနိုင်ဖို့ လုပ်တဲ့ကိစ္စ ဖြစ်ကြောင်း နဲ့ ပြည်သူ တွေကို တရားဝင် ပေါ်တာဆွဲခွင့် ရအောင် လုပ်တဲ့ ဥပဒေ သာ ဖြစ်တယ်လို့ သူမြင်တဲ့ အကြောင်း ဦးအောင်မိုးဇော် က ပြောပါတယ်။

တကယ်တော့ စစ်အစိုးရ က ဒီလို ဥပဒေ ပြဌာန်းတဲ့ ကိစ္စဟာ ပါလီမန်မှာ တင်ပြီး ဆွေးနွေး ပြဌာန်းရမယ့် ကိစ္စ ဖြစ်တာကို သူတို့ က အခုလို လုပ်ပြလိုက် ခြင်းအားဖြင့် နောင်မှာလည်း တိုင်းပြည် အာဏာကို သူတို့ပဲ ဆက်ကိုင်ထားမယ် ဆိုတဲ့ သဘော ကို ပေါ်ပေါ်ထင်ထင် ပြလိုက်တဲ့ သဘောလည်း ဖြစ်တယ် လို့ ဦးအောင်မိုးဇော် က ပြောသွား ပါတယ်။