စာသင်သား သံဃာတစ်ပါး ကို စွမ်းအားရှင် တွေက ဝိုင်းရိုက်

  • 13 ဇန်နဝါရီ 2011
monk protest
Image caption နဖအ အစိုးရ လက်ထက် မှာ သံဃာတွေ နဲ့ ပြဿနာ တွေ ဖြစ်ခဲ့

ရန်ကုန်တိုင်း ဒဂုံမြို့သစ် တောင်ပိုင်း ၁၀၇ ရပ်ကွက် မှာရှိတဲ့ ဓမ္မဝိဟာရ ကျောင်းတိုက် က စာသင် သံဃာ တစ်ပါး ဖြစ်တဲ့ ဦးဓမ္မုဿရ ကို ရပ်ကွက် စွမ်းအားရှင် တွေ က ဝိုင်းဝန်း ရိုက်နှက်ခဲ့ ပါတယ်။

အရိုက်ခံရတဲ့ သံဃာ က ပြီးခဲတဲ့ အင်္ဂါနေ့ ညပိုင်း မှာ ကွမ်းယာ ထွက်ဝယ်ရင်း ရပ်ကွက် ရယက တွေ နဲ့ စကားများခဲ့ရာ က ရယက တွေ လက်သပ် မွေးထားတဲ့ စွမ်းအားရှင် ၂၀ လောက်က ဝိုင်းဝန်း ရိုက်နှက် ခဲ့ကြတာ ဖြစ်တယ်လို့ မျက်မြင် သက်သေ သံဃာတော် တစ်ပါး က ဘီဘီစီကို ပြောပါတယ်။

အရိုက်ခံရတဲ့ သံဃာ က လမ်းဘေးမှာ ဝိုင်းဖွဲ့ ချက်ပြုတ် စားသောက် နေကြတဲ့ ရယက တွေကို ကွမ်းယာဆိုင်ဘေး ကနေပြီး လှမ်းကြည့်တော့ ဟေ့ကောင် ဘာကြည့် တာလဲကွ ဆိုပြီး မေးတဲ့ အတွက် ပြဿနာ စဖြစ်ခဲ့ ပါတယ်၊ အဲဒီမှာ စာသင်သား ကိုယ်တော်လေး က သိချင်ရင် လိုက်ခဲ့လို့ ပြောပြီး ကျောင်း ကို ပြန်အလာ စွမ်းအားရှင် တွေ က တုတ်တွေ ဓါးတွေနဲ့ ဝိုင်းရိုက် ကာ ကားနဲ့ တင်ခေါ်သွားတဲ့ အကြောင်း၊ သေပြီအထင် နဲ့ ရပ်ကွက် အပြင်ဘက် က ကွင်းထဲ ပစ်ထားခဲ့တဲ့ အကြောင်း အဲဒီ သံဃာတော် ကပဲ ဘီဘီစီ ကို ရှင်းပြ ပါတယ်။

အရိုက်ခံရတဲ့ သံဃာတော် ဟာ ဆေးရုံတက် ဆေးကုသ ခံယူရင်းက ထပ်မံ ရန်မူ လာမှာ ကြောက်ပြီး တိမ်းရှောင် သွားရ ပါတယ်။

ရပ်ကွက် အာဏာပိုင်တွေ ကတော့ ကျောင်းထိုင် ဆရာတော်ထံမှာ ဒီအမှု ကို ကျေအေး ပေးဖို့ ဝိုင်းဝန်း ပြောဆို နေကြ ပါတယ်။