ပုဂ္ဂလိကပိုင်လုပ်ပေမယ့် ထင်သာမြင်သာမရှိ

  • 13 ဇန်နဝါရီ 2011

မြန်မာနိုင်ငံက နိုင်ငံပိုင် စက်မှုလုပ်ငန်းတွေရဲ့ ၉၀ ရာခိုင်နှုန်းအထိကို ပုဂ္ဂလိကကို လွှဲပေးသွားမယ်၊ အစိုးရက ကျန်တဲ့ ၁၀ ရာခိုင်နှုန်းကိုပဲ ကိုင်ထားမယ်လို့ ဒီကနေ့ထုတ် ဘိုင်ဝီးကလီး သတင်းဂျာနယ်မှာ ဖော်ပြထားပါတယ်။

Image caption ထင်သာမြင်သာရှိဖို့ဆိုတာ ဒါမျိုးမဟုတ်ပါဘူး လုပ်ကိုင်ဆောင်ရွက်တာကို ပြည်သူသိဖို့ပါ

အမှတ် ၂ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ကျော်ကို ကိုးကားရေးသားခဲ့တဲ့ သတင်းနဲ့ ပတ်သက်ပြီး Weekly Eleven မီဒီယာရဲ့ အယ်ဒီတာကလည်း ဆိပ်ကမ်းတွရော၊ မြေနေရာတွေ အပါအဝင် ရောင်းချနေတဲ့ အကြောင်း အတည်ပြု ပြောခဲ့ပါတယ်။

အခုလို ၉၀ ရာခိုင်နှုန်း စက်မှုလုပ်ငန်းတွေ ပုဂ္ဂလိကကို လွှဲပြောင်းမယ့် ကိစ္စကို စီးပွားရေး ပညာရှင် စာရေးဆရာ ဦးခင်မောင်ညို (ဘောဂဗေဒ) ကတော့ ဒီလို တိတိကျကျ သတ်မှတ်လို့ ရတာ မဟုတ်ဘူးလို့ ဘီဘီစီကို ပြောပါတယ်။

စျေးကွက်စီးပွားရေး စနစ်မှာတော့ ဒီလို စက်ရုံအလုပ်ရုံတွေဟာ ပုဂ္ဂလိက လက်ထဲမှာ ရှိသင့်တယ် ဆိုပေမယ့် အခု စက်ရုံတွေ ကတော့ အစိုးရ အနေနဲ့ အရှုံးပေါ်နေတဲ့ လုပ်ငန်းတွေ ဖြစ်တယ်လို့ ဆရာခင်မောင်ညိုက သုံးသပ်ပါတယ်။

အခုလို ၉၀ ရာခိုင်နှုန်းအထိ သတ်မှတ်ပြီး လွှဲခဲ့မယ်ဆိုရင်တော့ အစိုးရ အနေနဲ့ ဒီအရှုံးပေါ်နေတဲ့ လုပ်ငန်းတွေမှာ ထည့်သွင်းနေရတဲ့ ငွေတွေ ဆက်မထည့် ရတော့လို့ အစိုးရ ဘတ်ဂျတ် လိုအပ်မှု လျှော့ကျ သွားမယ်လို့ သူက ဆိုပါတယ်။

အခုလို ပုဂ္ဂလိကပိုင် ပြုလုပ်တာကို နိုင်ငံတွေမှာ အဆင်ပြေသလို လုပ်ကြပေမယ့် မြန်မာနိုင်ငံမှာတော့ ထင်သာမြင်သာ မရှိတာကြောင့် ဝေဖန်ခံနေရတာလို့လည်း ဦးခင်မောင်ညိုက ဘီဘီစီကို ပြောပါတယ်။