၂၀၁၀ မှာ နိုင်ငံရေး အကျဉ်းသားတွေ အဝေးပို့ခံရတာများ

  • 14 ဇန်နဝါရီ 2011
prisoners' families
Image caption အကျဉ်းသားတွေကို မိသားစုတွေနဲ့ ဝေးရာပို့

မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား တချို့ ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ်ထဲမှာ ပြန်လွတ်လာခဲ့ပေမယ့် နိုင်ငံရေး အကျဉ်းသား တွေကို မိသားစုတွေနဲ့ ဝေးတဲ့၊ သွားလာရ ခက်ခဲတဲ့ အကျဉ်းထောင်တွေဆီ ရွှေ့ပြောင်းစေတာ တွေလည်း အများကြီး ရှိခဲ့တယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအဖွဲ့ AAPP ရဲ့ နှစ်ပတ်လည် အစီရင်ခံစာ ထဲမှာ ထောက်ပြ ပြောဆိုထား ပါတယ်။

တချို့ဆိုရင် နှစ်ထောင် သုံးထောင် အထိ ပြောင်းခံရတာတွေ ရှိတယ်လို့လည်း ဆိုပါတယ်။ နိုင်ငံရေး အကျဉ်းသူ မစန္ဒာဆိုရင် သူ့ကျန်းမာရေးအတွက် ဆေးကုဖို့ တင်ပြတယ်၊ ဆေးကုမပေးတဲ့အပြင် အပစ်ပေးတဲ့အနေနဲ့ ဝေးလံတဲ့ထောင်ကို ပြောင်းခံရတယ်၊ မော်လမြိုင်ထောင်မှာ အကျဉ်းကျနေတဲ့ သံဃာတော်တစ်ပါး ဆိုရင်လည်း အနာတွေ ပေါက်လာလို့ တင်ပြတာကို ဆေးမကုပေးတဲ့ အတွက် ပျံလွန်တော်မူသွားရတဲ့ အကြောင်း AAPP အတွင်းရေးမှူး ကိုတိတ်နိုင်က ဘီဘီစီကိုပြောပါတယ်။

၂၀၁၀ ခုနှစ်အတွင်းမှာ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်ပြီး ထူးခြားတဲ့ တိုးတက်မှုလည်း မတွေ့ခဲ့ရဘူးလို့ဆိုပါတယ်။

ဥပမာ ဒီနှစ်ထဲမှာ ၆၁ ဦး ပြန်လွတ် လာပေမယ့် ၅၃ ဦး အဖမ်းခံရတယ်၊ လွတ်လာတဲ့ လူတွေဟာ ထောင်သက်တမ်းစေ့ပြီး လွတ်ရက်စေ့လို့ လွတ်လာတဲ့ သူတွေ ဖြစ်ကြပေမယ့် ဖမ်းခံရသူတွေ ကတော့ ဒီမိုကရေစီရေး လူ့အခွင့်အရေး လှုပ်ရှားမှုတွေ ကြောင့် အာဃာတနဲ့ ဖမ်းဆီး ခံရသူတွေ ဖြစ်ကြတယ်လို့လည်း ကိုတိတ်နိုင်က ပြောပါတယ်။