မြန်မာပြည်အပေါ် ပိတ်ဆို့မှု အာဆီယံ ရုပ်စေလို

  • 17 ဇန်နဝါရီ 2011
marty
Image caption မြန်မာ့ အရေး မာတီ နက်တါလါဂါဝါ ထုတ်ပြော

အင်ဒိုနီးရှား နိုင်ငံ Lombok ကျွန်းမှာ ကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အဆင့် အစည်းအဝေးမှာ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး မာတီ နက်တာလာဂါဝါ က မြန်မာနိုင်ငံ အပေါ် အမေရိကန် နဲ့ အနောက်အုပ်စု နိုင်ငံ တချို့ ဒဏ်ခတ်ပိတ်ဆို့မှု ကို ဖယ်ရှားပေးရေး၊ လျှော့ပေါ့ပေးရေး တောင်းခံ လိုက်သလို၊ ဒေါ်အောင်ဆန်းစုကြည် ကိုလဲ မြန်မာ့နိုင်ငံရေး မှာ ပါဝင်ခွင့် ပြုယင်း၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို မြန်မာအစိုးရ အနေနဲ့ ဆောင်ရွက် ပေးဖို့ တိုက်တွန်း လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပပြီးစီးရုံ နဲ့ ဒေါ်အောင်ဆန်းစုကြည် ကို အကျယ်ချုပ် မှ လွှတ်ပေးရုံနဲ့ မြန်မာနိုင်ငံ အပေါ် ဒဏ်ခတ်မှု ဖယ်ရှားရေး အချိန်တန်ပြီလား လို့ လန်ဒန်စီးပွားရေး တက္ကသိုလ်မှ ပညာရှင် ဒေါက်တာ ဇာနည် ကို မေးကြည့်ရာမှာ ဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်းပေးရေးဟာ တပ်မတော် ခေါင်းဆောင်တွေ အပေါ်မှာ ရာနှုန်းပြည့် မူတည်ကြောင်း၊ သူတို့သာ နိုင်ငံရေး အဖြေရှာရေး အတွက် ဒေါ်အောင်ဆန်းစုကြည် အပါအဝင်၊ နိုင်ငံရေး ခေါင်းဆောင်တွေ၊ တိုင်းရင်းသား ခေါင်းဆောင် တွေနဲ့ တွေ့ဆုံညှိနှိုင်း မယ်ဆိုရင်၊ သုံးလ နဲ့ ခြောက်လ အတွင်း၊ ပိတ်ဆို့မှု ဖယ်ရှားသွားစေတဲ့ နိုင်ငံရေး အာဏာရှိကြောင်း ဘီဘီစီ ကို ရှင်းပြပါတယ်။

ဒါပေမဲ့ စစ်အာဏာပိုင်တွေဟာ စီးပွားရေး ပိတ်ဆို့မှု ကို ဖယ်ရှားပေးစေလို ပေမဲ့ နိုင်ငံရေးပြုပြင် ပြောင်းလဲမှု ကို မလုပ်လိုတဲ့ အတွက်၊ ဒေါ်အောင်ဆန်းစုကြည် အပေါ် မှာသာ အပြစ်ပုံချပြီး၊ သဘောထားတင်းမာသူ အဖြစ် ထင်ဟပ်စေပုံ၊ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး ပြောတာကလဲ၊ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြဿနာ မဟုတ်၊ မြန်မာ့ အရေးကိစ္စ အဖြေရှာရေး အထဲမှာ အရေးပါသူ ဖြစ်ကြောင်း ကို ဆိုလိုပုံ၊ ဒေါက်တာ ဇာနည်က ဘီဘီစီ ကို ပြောပြပါတယ်။