ဒီကေဘီအေစခန်းတစ်ခု ထပ်ကျ

  • 14 ဇန်နဝါရီ 2011
DKBA

နအဖတပ်တွေဟာ ဒီကေဘီအေ ဌာနချုပ်ဟောင်း ဝေါ်လေရွာရဲ့ မြောက်ဖက် တမိုင်လောက် အကွာမှာရှိတဲ့ ဒီကေဘီအေရဲ့ အရေးကြီးတဲ့ စခန်းတစ်ခုဖြစ်တဲ့ ဦးကလေးထ စခန်းကို ဒီနေ့ မွန်းလွဲပိုင်းက သိမ်းယူလိုက်ပါတယ်။

နအဖတပ်တွေဟာ အဝေးပစ်မော်တာတွေနဲ့ နေ့ရောညပါ ဒလစပ် ပစ်ခတ်နေတဲ့အတွက် လက်နက်ကြီးဒဏ် မခံနိုင်တဲ့ အဆုံးမှာ ဒီကေဘီအေနဲ့ ကေအင်ယူပူးပေါင်းတပ်တွေဟာ ဒီနေ့မွန်းလွဲပိုင်းလောက်မှာ ဦးကလေးထစခန်းက ဆုတ်ခွာသွားလို့ နအဖတပ်တွေက ဝင်သိမ်းလိုက်နိုင်ပါတယ်။

ဒီစခန်းကို နအဖတပ်တွေက လက်နက်ကြီးတွေနဲ့ မနေ့ကစ တိုက်ခိုက်ခဲ့ပြီး ဒီနေ့မှာ သိမ်းလိုက်နိုင်တာ ဖြစ်ပါတယ်။

နအဖက အခုလိုအချိန်တိုတိုနဲ့ သိမ်းနိုင်တာဟာ ဒီကေဘီအေရဲ့အဓိကရှေ့တန်းစခန်းဖြစ်တဲ့ ကချောဝါးလေးစခန်းမနေ့တုံးက ကျသွားတဲ့ အတွက်လည်း ဖြစ်ပါတယ်။

ကခေျာဝါးလေးစခန်းဟာ နအဖရဲ့တိုက်စစ်ကို အားပျော့သွားအောင် လုပ်နိုင်တဲ့အတွက် နအဖ တပ်တွေဟာ ဖလူးဒေသကနေ ရှေ့ကိုမတက်နိုင်ပဲ လနဲ့ချီ ကြာနေခဲ့ပါတယ်။

အခုလို ဦးကလေးထစခန်း ကျသွားတော့ နအဖတပ်တွေက လက်ရှိ ဒီကေဘီအေဌာနချုပ် လုပ်ထားတဲ့ လေးကေးစခန်းကို တက်တိုက်ဖို့ လမ်းပွင့်သွားပါတယ်။

ထိုင်းနယ်စပ်လုံခြုံရေး တာဝန်ရှိသူ တယောက်ကလည်း ''အခု မြန်မာဘက်က အရပ်သား ၁၀၆ ယောက်ဟာ ထိုင်းဖက်က ငေါင်ဖိုင်၊ ခေျာင်းခက်နဲ့ ဟွေ့နမ်းနပ်က်ရွာတွေဆီကို ထွက် ပြေးလာခဲ့ကြတယ်လို့ ပြောသွားပါတယ်'' လို့ ပြောပါတယ်။

တချိန်ထဲမှာပဲ ဒီနေ့မနက်တုံးက ကော့ကရိတ်ကနေမြ၀တီမြို့ကိုသွားတဲ့ကားလမ်းမှာလည်း တိုက်ပွဲဖြစ်ခဲ့ပါတယ်။

ကော့ကရိတ်ကနေ မြဝတီကိုသွားနေတဲ့ BGF နယ်ခြားစောင့်တပ်က စစ်သားတွေတင်လာတဲ့ ကားတစီးကို သင်္ဃန်းညီနောင် ဗျူဟာ အနားက တံတားကျိုးဆိုတဲ့ နေရာအရောက်မှာ ဒီကေဘီအေက ရှေ့ ထွက်မိုင်းကို အသုံးပြု တိုက်ခိုက်ရင်း နှစ်ဖက်ကြားမှာ တိုက်ပွဲဖြစ်ခဲ့ပါတယ်။

ဒီတိုက်ပွဲမှာဒါဏ်ရာရသွားတဲ့၊ BGF နယ်ခြားစောင့်စစ်သား ၉ ယောက်ကို မြ၀တီဆေးရုံကိုပို့ပြီး ဆေးကုသပေးထားတယ်လို့ မြဝတီမြို့ခံတွေက ပြောပါတယ်။