လယ်မြေသိမ်းခံရ သူတွေ ရှိလာပြန်

  • 14 ဇန်နဝါရီ 2011

ကချင်ပြည်နယ် အတွင်းမှာ လယ်ယာမြေ တွေ သိမ်းခံခဲ့ကြရတဲ့ ကျေးရွာ ငါးရွာက တောင်သူ ၂၄ ယောက်ဟာ မြစ်ကြီးနား မြို့က ပြည်နယ် တရားရုံးကို သွား ရောက်ပြီး အမှုတင် ခဲ့ကြရာမှာ အခုချိန်ထိ တရားရုံးက လက်မခံသေးပါဘူး။

Image caption သဘာဝ တောတောင် တွေနဲ့ သာယာတဲ့ ကချင် ပြည် နယ် တနေရာ

အင်္ဂါနေ့ ကနေ သောကြာနေ့ အထိ တရားရုံးမှာ အမှု တင်ခွင့် သွားလျှောက် ထားခဲ့ကြတာ ကို လက်မခံ သေးလို့ လာမယ့် တနင်္လာ နေ့မှာ ထပ်တင် မယ်လို့ တောင်သူ တွေက ဘီဘီစီကို ပြော ပါတယ်။

ဖားကန့် ဒေသက ကျေးရွာ တချို့မှာ တောင်သူ တွေ ပိုင်ဆိုင်တဲ့ မြေယာတွေ ကို ယုဇန ကုမ္ပဏီက သိမ်းယူတာ ခံခဲ့တဲ့ အတွက် တောင်ယာ အလုပ်လုပ်ကိုင် စားသောက် နိုင်ခွင့် ဆုံးရှုံး ခဲ့ကြ ရတယ်လို့ ကာယကံရှင် တွေက ပြောပါတယ်။

ဒါကြောင့် ထိခိုက် နစ်နာခဲ့မှုတွေ အတွက် နစ်နာကြေး ပေးဖို့ ဆိုပြီး အရင်က တိုင်ခဲ့သူ တွေရော နောက်ထပ် တောင်သူ အသစ်တွေပါ သွားရောက် တိုင်တန်းဖို့ ကြိုးစားခဲ့ကြတာပါ။

ယုဇန ကုမ္ပဏီက ရှဒူးစွပ်ရွာ တရွာလုံးက တောင်သူတွေရဲ့ လယ်မြေ မြောက်များစွာကို ကို လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ်က စတင် သိမ်းယူခဲ့တာ ဖြစ်ပေမဲ့ အခုမှ တရားရုံးကို တိုင်ကြားရတဲ့ အကြောင်းက သူတို့ အနေနဲ့ တရားဥပဒေ အရ သိနားလည်မှု မရှိတာရယ် ဦးဆောင်လမ်းပြ ကူညီမယ့်သူ မရှိတာရယ်ကြောင့် ဖြစ်တယ်လို့ အသစ် တိုင်ကြားသူတွေ ထဲမှာ ပါတဲ့ ရှဒူးစွပ် တောင်သူ တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

တရားရုံးကို တိုင်ကြားဖို့ ပြီးခဲ့တဲ့ သီတင်းပတ် ကတည်းက တောင်သူတွေက သူတို့ရဲ့ အကျိုးဆောင် ရှေ့နေတွေ၊ အရင်တိုင်ကြားခဲ့ဖူးတဲ့ အတွေ့ အကြုံရှိသူ တောင်သူတွေနဲ့ တိုင်ပင်ပြီး အထောက် အထား တွေ စုဆောင်း ပြင်ဆင်ခဲ့ ကြတာလို့လည်း အဲဒီ တောင်သူက ပြောပါတယ်။