ဂျာနယ်​လစ်​တွေ​အတွက် CPC ဆက်​လုပ်မယ်

  • 15 ဇန်နဝါရီ 2011

မြန်မာသတင်းစာဆရာတွေ အကျိုးဆောင်ရွက်ဖို့ ဖွဲ့စည်းတာလို့ဆိုတဲ့ Committee for Professional Conduct လို့ ခေါ်တဲ့ CPC အဖွဲ့က အဖွဲ့ရဲ့ မူလ ရည်ရွယ်ချက် တွေ အတိုင်း ဆက်လက် ဆောင်ရွက် သွားမယ်လို့ အဖွဲ့ ဥက္ကဌက ဘီဘီစီကို ပြောပါတယ်။

Image caption Eleven မပါပေမယ့် ရည်မှန်းချက်အတိုင်း ဆက်လုပ်မယ် (ကိုကို၊ စက်မှုတက္ကသိုလ်)

ဒီအဖွဲ့မှာပါခဲ့တဲ့ Eleven Media Group က CPC ကနေ မနေ့က နုတ်ထွက်ခဲ့ပြီးနောက် ဒီနေ့ အစည်းအဝေး ကျင်းပခဲ့လို့ အစည်းအဝေးအပြီး ဘီဘီစီက မေးမြန်းခဲ့တာမှာ ဒီလို နုတ်ထွက်တာ နဲ့ ပတ်သက်လို့ ဒါဟာ သူတို့ကိစ္စပဲ ဖြစ်တယ်၊ CPC အနေနဲ့ ဆက်လက် ဆောင်ရွက် သွားမယ်၊ သီးခြား မှတ်ချက် မပေးလိုဘူးလို့ CPC ဥက္ကဌ ဦးကိုကို (စက်မှုတက္ကသိုလ်) က ပြောပါတယ်။

CPC အနေနဲ့ ဘာတွေ ဆက်လုပ်ကြမလဲ၊ ဘယ်လောက် အထိ ထောက်ခံမှုရသလဲ၊ ဘယ်လောက်အထိ ထိထိရောက်ရောက် လုပ်နိုင်သလဲ အဲဒီအဖြေတွေပေါ်မှာ မူတည်ပြီး အဖွဲ့ရဲ့ ထောက်ခံမှုက တာသွားမယ်လို့လည်း သူက ဆိုပါတယ်။ အခုအချိန်မှာတော့ တိတိကျကျ အဖြေပေးဖို့ ခက်တယ်လို့ ဦးကိုကို ကပြောပါတယ်။

မြန်မာနိုင်ငံမှာ သတင်းစာဆရာတွေရဲ့ ကျင့်ဝတ်သိက္ခာပိုင်း လိုက်နာဆောင်ရွက်ရေးနဲ့ စာနယ်ဇင်း သမားတွေရဲ့ အခွင့်အရေးတွေကို ကာကွယ် စေါင့်ရှောက် ပေးဖို့ ရည်ရွယ် ဖွဲ့စည်းထားတဲ့ CPC အတွက် ဒီနေ့ အစည်းအဝေးမှာ တွဲဘက် အတွင်းရေးမှူး သစ် ၂ ဦးကို ထပ်မံ ရွေးချယ်ခဲ့ကြ တယ်လို့ သိရပါတယ်။

CPC အဖွဲ့ဟာ ဘယ်အစိုးရရဲ့ ဘယ်နိုင်ငံရေးပါတီရဲ့မှ လက်ဝေခံ မဟုတ်ဘူးဆိုတာ မီဒီယာသမားတွေ သိတယ်လို့ သူက ဆက်ပြောပါတယ်။

CPC မှာ ဂျာနယ်ကိုယ်စားပြုသူ ၁၅ ဦး၊ မြန်မာနိုင်ငံ စာပေနဲ့ စာနယ်ဇင်းအဖွဲ့ (MWJA) ရဲ့ အမှုဆောင်နဲ့ စာနယ်ဇင်း လုပ်ငန်း လက်တွေ့ လုပ်နေသူက ၅ဦး၊ ပြင်ပ အလွတ် သတင်းစာ ဆရာ ၃ ဦးနဲ့ ပြန်ကြားရေး ဝန်ကြီးဌာန လက်အောက်၊ စာပေစိစစ်ရေးက ၂ ဦး စုစုပေါင်း ၂၅ ဦး ပါဝင်ပါတယ်။

မနေ့ကတော့ Eleven Media Group က ဒေါက်တာ သိန်းမြင့်က နုတ်ထွက်သွားတာမို့ အခုဆိုရင် CPC မှာ အဖွဲ့ဝင် ၂၄ ဦးသာ ကျန်တော့ပေမယ့် မူလ ရည်မှန်းချက်များအတိုင်း ဆက်လက် အကောင်အထည် ဖော်သွားမယ်လို့ ဦးကိုကို က ဘီဘီစီကို ပြောပါတယ်။