တိုင်းရင်းသား ပေါင်းစုံ ညီလာခံ အတွက် ပြင်ဆင်နေကြ

  • 16 ဇန်နဝါရီ 2011
NMSP
Image caption ဆယ်စုနှစ် ကျော် အပစ်ရပ်ခဲ့ ကြပေမယ့် ငြိမ်းချမ်း သော ပြည်ထောင်စု နဲ့ ဝေးနေရဆဲ

ဆယ်စုနှစ်ကျော် အပစ် အခတ်ရပ်စဲ ခဲ့ပြီးတဲ့ နောက် ဒီနည်းလမ်း နဲ့ တိုင်းရင်းသား တွေ ရဲ့ နိုင်ငံရေး အခွင့်အရေး တွေ မရရှိနိုင် ဘူးလို့ မြင်လာတဲ့ အတွက် လက်နက် ကိုင် တိုက်ပွဲ လမ်းကြောင်း ကို ပြန်စွဲကိုင် လာတဲ့ မွန်ပြည်သစ် ပါတီ နဲ့ ကချင်ပြည် လွတ်လပ် ရေး အဖွဲ့ အပါအဝင် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်း စုစုပေါင်း ၆ ဖွဲ့ နဲ့ စုစည်းထားတဲ့ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး ကော်မီတီ က တိုင်းရင်းသား အဖွဲ့ ပေါင်းစုံ တက်ရောက် နိုင်တဲ့ ညီလာခံ တရပ် ခေါ် ယူဖို့ အစီ အစဉ် ချမှတ် ထားပါတယ်။

ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး ကော်မီတီ ရဲ့ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်း ကျင်းပ ပြီးစီးခဲ့တဲ့ ဒုတိယ အကြိမ် မျက်နှာ စုံညီ အစည်းအဝေး မှာ အဲဒီ ဆုံးဖြတ်ချက် ကို ချမှတ်ခဲ့ ကြောင်း နဲ့ တိုင်းရင်းသား အားလုံး ကို ကိုယ်စားပြု နိုင်တဲ့ ဦးဆောင်ကော်မီတီ တရပ် ကို လည်း ဖွဲ့စည်း သွားမှာ ဖြစ်တဲ့ အကြောင်း ကော်မီတီ ရဲ့ ခေါင်းဆောင် တဦး ဖြစ်တဲ့ နိုင်ဟံသာ က ဘီဘီစီ ကို ပြောပါတယ်။

အခု ဖက်ဒရယ် ပြည်ထေင်စုပေါ်ထွန်းရေး ကော်မီတီ မှာ ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ KIO၊ ကရင်အမျိုးသား အစည်းအရုံး KNU၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP၊ ချင်းအမျိုးသား တိုးတက်ရေး တပ်ဦး CNF ၊ မွန် ပြည်သစ်ပါတီ NMSP၊ နဲ့ ရှမ်းပြည် တိုးတက်ရေး ပါတီ SSPP တို့ ပါဝင် ပါတယ်။

အရင် ကလည်း အခုလို လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေ စုစည်းတဲ့ တပ်ပေါင်းစု အဖွဲ့ မျိုးတွေ ပေါ်ထွန်းခဲ့ ပေမယ့် တပ်ပေါင်းစု ပုံစံ ပီပီပြင်ပြင် ဆောင်ရွက် နိုင်မှု အားနည်း ခဲ့ပါတယ်။

ဒါပေမယ့် အဖွဲ့ အစည်းတွေမှာ ဖြတ်သန်း ခဲ့တဲ့ သမိုင်း ထဲက သင်ခန်းစာတွေ ရခဲ့ပြီး အခု တခေါက်မှာ တော့ တပ်ပေါင်းစု အသွင် ပို ပီပြင်လာမယ့် လို့ သူ က ဆိုပါတယ်။

ဥပမာ ဆောင်ရရင် နအဖ အစိုးရ ပဲ ဖြစ်စေ နောင်တက် လာမယ့် အစိုးရ ပဲ ဖြစ်စေ သူတို့ကို ညှိနှိုင်းဖို့ ကမ်းလှမ်း လာရင် အရင်လို တဖွဲ့ချင်း မဆွေးနွေးတော့ ပဲ တပ်ပေါင်းစု အဖွဲ့ တဖွဲ့ လုံး နဲ့ သာ ဆွေးနွေး မှာ ဖြစ်ကြောင်း မွန်ပြည်သစ် ပါတီ ရဲ့ အတွင်းရေးမှူး ဖြစ်တဲ့ နိုင်ဟံသာ က ပြောပါတယ်။